ရိုဟင်ဂျာအရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အချက်သုံးချက်သဘောတူ

2019-09-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့အား ၂ဝ၁၉ စက်တင်ဘာလ ၂၃ ရက်နေ့ နယူးယောက်မြို့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်။
(Photo: fmprc.gov.cn)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိတွေ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက်သုံးချက် ရရှိခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာန ဆင်ဟွာက ထုတ်ပြန်ပါတယ်။

ပထမအချက်က ဒုက္ခသည် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အမြန်ဖြစ်ပေါ်လာရေးအတွက် ခိုင်မာတဲ့နိုင်ငံရေးဆန္ဒနဲ့ နိုင်ငံရေးရည်မှန်းချက် တူညီကြကြောင်း၊ ဒီကိစ္စကို အချိန်မဆိုင်းဘဲ အမြန်ဆုံးနေ့ရက်မှာ ဖြစ်ပေါ်လာရေး သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအချက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် အဓိကထားပြီး တရုတ်ပါဝင်တဲ့ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းအလုပ်အဖွဲ့ China-Myanmar-Bangladesh Joint Working Group ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ နိုင်ငံသုံးနိုင်ငံလုံးက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဖို့ တာဝန်ယူရမယ်လို့ သိရပါတယ်။

တတိယအချက်က ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရာမှာ နယ်မြေဒေသဖွံ့ဖြိုးရေးဟာ အခြေခံကျတဲ့အချက် ဖြစ်ပြီး၊ ရှိပြီးဖြစ်တဲ့ တရုတ်မြန်မာဆက်ဆံရေးနဲ့ တရုတ်ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို အခြေခံပြီး သုံးပွင့်ဆိုင်ပူးပေါင်းပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေ ဘဝတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ ဒေသတည်ငြိမ်တိုးတက်ရေးတွေ ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

သဘောတူညီချက် သုံးချက်ထဲက သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့ဖို့ အချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက… သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သီးခြားဖွဲ့တာမဟုတ်ဘဲ၊ အောက်ခြေမှာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ဆိုလိုတာဖြစ်တယ်လို့ RFA ကို ရှင်းပြပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ်မိုမင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာဘာဂနာတို့ တက်ရောက်တယ်လို့ သိရပါတယ်။

၂ဝ၁၉ ဇူလိုင် ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်၊
၂ဝ၁၉ ဇူလိုင် ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်မိုမင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်၊ (Photo: AFP)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက… မနှစ်ကတည်းက တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးအဆင့် အလွတ်သဘောတွေ့ဆုံမှု သုံးကြိမ်ရှိခဲ့ကြောင်း၊ သုံးကြိမ်စလုံးမှာ တိုးတက်မှုတွေရှိခဲ့ကြောင်း၊ ဒါပေမယ့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနဲ့ပတ်သက်ပြီး ဆက်ပြီး ဆွေးနွေးဆောင်ရွက်စရာတွေ ရှိနေသေးကြောင်း ပြောပါတယ်။

ဒီပြဿနာ ပြေလည်ရေးတွေအတွက် အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ သက်ဆိုင်ရာ နိုင်ငံအဖွဲ့အစည်းတွေ အပြန်အလှန်ဆက်သွယ်ရေး၊ အကြံဥာဏ်ယူရေးနဲ့ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အမြန်ပေါ်ပေါက်လာရေးကို ရှေ့တိုးလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးရဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အလျောက် တတ်နိုင်တဲ့ဘက်က အကူအညီပေးသွားဖို့ အသင့်ရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက  ပြောကြားခဲ့ပါတယ်။

၂ဝ၁၉ သြဂုတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်၊
၂ဝ၁၉ သြဂုတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်၊ (Photo: Reuters)

ဒီဆွေးနွေးပွဲမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသံအရာရှိတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာတို့က တရုတ်နိုင်ငံရဲ့ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ပါဝင်ဆောင်ရွက်မှုကို တန်ဖိုးထား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြတယ်လို့လည်း တရုတ်အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးကြောင့် ဘာတွေ ထူးခြားပြောင်းလဲ လာနိုင်မလဲဆိုပြီး မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို မေးမြန်းရာမှာတော့… စိတ်ရင်းစေတနာကောင်းနဲ့ လုပ်ဆောင်မယ်ဆိုရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်လို့ ဦးဟောက်ဒိုဆွမ်းက မှတ်ချက်ပေးပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်သိနိုင်ဖို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိ သတင်းရေးသားချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

(RFA ဝိုင်းတော်သား ကျော်မင်းထွန်း စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့