မြန်မာနိုင်ငံက နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၂ ဦးကို အမေရိကန်နိုင်ငံမှာ အခြေချဖို့ ရွေးချယ်ထားပြီး ဒီအထဲက အချို့ဟာ ဒီဇင်ဘာလ ၈ရက်နေ့မှာ အမေရိကန်နိုင်ငံကို ရောက်ရှိဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်က ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာ New Age Bangladesh မှာ ဖော်ပြထားပါတယ်။
ဝန်ကြီး အဗ္ဗဒူမိုမန်က အမေရိကန်အစိုးရရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ အတွင်းဝန် ဂျူလီယက်တာ ဘောလ်စ် နိုရယ်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံဟာ တစ်နှစ်ကို ရိုဟင်ဂျာ ၃ဝဝ ကနေ ၈ဝဝ လောက်အထိ လက်ခံမယ်လို့ မျှော်လင့်ရတဲ့အကြောင်း ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂ဝ၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်လောက်ကို လက်ခံထားရတာဖြစ်ပြီး ဒီအထဲက အနည်းဆုံး ရိုဟင်ဂျာတစ်သိန်းလောက်ကို လက်ခံဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားတယ်လို့ ဝန်ကြီး အဗ္ဗဒူ မိုမန်က ပြောပါတယ်။
ဝန်ကြီး အဗ္ဗဒူမိုမန်က တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာတဲ့ ဂျပန်သံအမတ် အီတို နာအိုကီကိုလည်း ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလောက်ကို လက်ခံဖို့ တောင်းဆိုခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။