လက်နက်ကြီးကြောင့် မိုင်ဂျာယန် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ရင်း ထွက်ပြေးရ
2023.12.15

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့ လူနေရပ်ကွက်တွေကို ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အထက်တန်းကျောင်းနဲ့ ကောလိပ် ကျောင်းက ကျောင်းသူ/သားတွေ အပါအဝင် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ KIO တာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။
အွန်လိုင်းပေါ်ကရရှိတဲ့ ဗီဒီယိုတစ်ခုမှာ တိုက်ပွဲသင်္ကေတ သတိပေး နှိုးဆော်သံကို ကြားရပြီး မူလတန်း၊ အလယ်တန်း ကလေးတွေ လွယ်အိတ်ကိုယ်စီနဲ့ ဘေးလွတ်ရာ ထွက်ပြေးနေပုံကို မြင်တွေ့ရပါတယ်။
မိုင်ဂျာယန်နဲ့ သိပ်မဝေးတဲ့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ ရော်ရုံတောင် (Yaw Yung Bum) မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ကနေ မိုင်ဂျာယန်မြို့ပေါ်ကို ဒီနေ့ မနက်စောစောကနေ မနက် ၁၀ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“မနက် ၁၀ နာရီဝန်းကျင်လောက် လက်နက်ကြီး ငါးလုံးပစ်တယ်။ ပထမအလုံးပစ်တဲ့အချိန် ကျွန်တော်က အိပ်တုန်းပဲ ရှိသေးတာ၊ လက်နက်ကြီးက မော်တာလည်သံတွေတောင် ကြားရတယ်။ မြို့က အိမ်တစ်အိမ် ထိတယ်။ ကျွန်တော်တို့လည်း အကုန် ထွက်ပြေးခဲ့ကြတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်း အကုန်ကြောက်ပြီး ထွက်ပြေးခဲ့ကြတယ်။ မြို့ပေါ်မှာ အခု လူသိပ်မရှိတော့ဘူး”
ဒီပစ်ခတ်မှုကြောင့် အထက်တန်းကျောင်းသူ နှစ်ဦးနဲ့ မြို့ခံ အရပ်သားတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မိုင်ဂျာယန်မြို့မှာ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က ဦးစီးဖွင့်လှစ်ထားတဲ့ MAI JA YANG INSTITUTE OF EDUCATION လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်းကျောင်း နှစ်ကျောင်းနဲ့ မူလတန်းကျောင်း တစ်ကျောင်းရှိပါတယ်။
ဒီကျောင်းတွေမှာ KIO ထိန်းချုပ်ရာ ဒေသတွေ သာမက အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်မသင်နိုင်တဲ့ ကချင်ပြည်နယ်နဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက် ပညာသင်ကြားနေတာပါ။
လက်နက်ကြီး ပစ်ခတ်ချိန် ကျောင်းတက်နေတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးတွေနဲ့ စာမွေးပွဲဖြေနေတဲ့ တက္ကသိုလ်၊ ကောလိပ် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ခန်းကိုပစ်ပြီး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်က ပြည်သူစစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စခန်း နှစ်ခုကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ဒီနေ့မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းယူလိုက်တဲ့အတွက် စစ်ကောင်စီဘက်က လိုင်ဇာဌာနချုပ်ကို ဗုံးကြဲပြီး မိုင်ဂျာယန်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“တာလောကြီးက ပြည်သူ့စစ်စခန်းကို ဒီနေ့မနက်ပိုင်း သိမ်းတယ်။ ပြီးတော့ ရွှေညောပင်နဲ့ တာလောကြီးကျေးရွာကြားက ဘော်ဆာဒီးကျေးရွာမှာ စခန်းချထားတဲ့ ပြည်သူ့စစ်စခန်းကိုလည်း သိမ်းတယ်။ စကစတွေဘက်ကတော့ ၁၀၅ မမ လို့ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ မိုင်ဂျာယန်ဘက်ကို ပစ်တယ်။ လိုင်ဇာဘက်ကိုလည်း ပစ်နေတယ်။ မိုင်ဆပ်ပါ ကျေးရွာဘက်မှာတော့ လေယာဉ်တွေနဲ့ လာပစ်သွားတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ မရှိ စုံစမ်းနေဆဲပဲ”
ဒီအခြေအနေတွေကြောင့် မိုင်ဂျာယန်က စာသင်ကျောင်းတွေကို ချက်ချင်း ပိတ်လိုက်ရတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ မွန်းလွဲပိုင်းမှာ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။