ရုရှားလုပ် တိုက်လေယာဉ်တွေ နေပြည်တော်ကို ထပ်ရောက်နေပြီလား

2022.11.04
Share on WhatsApp
Share on WhatsApp
ရုရှားလုပ် တိုက်လေယာဉ်တွေ နေပြည်တော်ကို ထပ်ရောက်နေပြီလား ရုရှားထုတ် Sukhoi Su-30 နှစ်စီးကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

စစ်ရာဇဝတ်မှုမြောက်တယ် လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ရုရုားနိုင်ငံကနေ အသစ်ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေထဲက အချို့ကို လက်ခံရရှိထားပြီးပြီလို့ Defense Post စစ်ရေးဆိုင်ရာသတင်းစာစောင်က နိုဝင်ဘာလ ၄ ရက်က သတင်းဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ၂ဝ၁၈ ခုနှစ် အရပ်သားအစိုးရလက်ထက်က ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Sergey Shoygu မြန်မာနိုင်ငံကို လာရောက်စဉ်က ရုရှားလုပ် ဆူခွိုင်း ဆု - ၃၀ (Sukhoi Su – 30) ဂျက်တိုက်လေယာဉ် ခြောက်စီးကို စာချုပ်ချုပ်ဆို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က ဒီဂျက်တိုက်လေယာဉ်တွေဟာ မြန်မာလေတပ်ရဲ့ အဓိကတိုက်လေယာဉ်အုပ်စု ဖြစ်လာလိမ့်မယ်လို့ ရုရှားကာကွယ်ရေးဒုဝန်ကြီး Alexander Fomin က ပြောခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီ TASS က သတင်းဖော်ပြခဲ့ပါတယ်။

အခုအချိန်မှာ ဂြိုဟ်တုကရတဲ့ ဓာတ်ပုံတွေနဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ အခုအချိန်မှာ ဒီဂျက်တိုက်လေယာဉ်တွေထဲက အနည်းဆုံး တစ်စီး နေပြည်တော်ကို ရောက်နေပြီလို့ မြန်မာစစ်တပ်ကို လေ့လာစောင့်ကြည့်တဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။ ဒီဂျက်တိုက်လေယာဉ်ကို လက်ရှိ စစ်ဆင်ရေးတွေမှာ ထည့်သုံးနေပြီလားဆိုတာတော့ မသိရသေးဘူးလို့ Myanmar Witness အဖွဲ့က ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ လေယာဉ်မှူး နှစ်ဦးလိုက်ပါ စီးနင်းနိုင်တဲ့ ဘက်စုံသုံး ဂျက်တိုက်လေယာဉ် လေးစီးကနေ ခြောက်စီး အထိ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး၊ လေ့ကျင့်သင်ကြားပေးမယ့် ရုရှားပညာရှင်တွေလည်း အတူရောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ ဂျက်တိုက်လေယာဉ်အသစ်တွေ ရောက်နေတာနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက နိုင်ငံတကာ စစ်ရေး သတင်းဆိုင်ရာ Janes Defense Weekly သတင်းစာစောင်ဟာ စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အသုံးပြုခဲ့တဲ့ ရုရှားလုပ် Kamov KA-29TB တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုခဲ့တဲ့ ဓာတ်ပုံတွေကို ထောက်ပြပြီး၊ ဒီရဟတ်ယာဉ်ဟာ အခုနှစ် အစောပိုင်းက မြန်မာစစ်တပ်ကနေ အသစ်ထပ်ပြီး ဝယ်ယူလိုက်တဲ့ ရဟတ်ယာဉ် ငါးစီးထဲက တစ်စီးအသစ်ရောက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ် ဖော်ပြခဲ့ပါတယ်။

၂ဝ၂၁ ခုနှစ်က အာဏာသိမ်းထားပြီး PDF နဲ့ အာဏာသိမ်း ဆန့်ကျင်ရေး တပ်ဖွဲ့တွေကို စစ်ရေးအရ ချေမှုန်းနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ စစ်ရာဇဝတ်မှုမြောက်တဲ့ အရပ်သားပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။