ရွေးကောက်ပွဲအနိုင်ရ ရုရှားသမ္မတပူတင်ကို စစ်ခေါင်းဆောင်ဂုဏ်ပြု

ရုရှားရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရတဲ့ သမ္မတပူတင်ဆီကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ယူဝမ်းမြောက်ကြောင်းရေးသားပေးပို့ခဲ့တယ်လို့ ရုရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတော်တော်များများကတော့ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးထောင်ချပြီး ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှုမရှိဘူးဆိုပြီး ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သမ္မတပူတင် ရွေးကောက်ခံရတာကို ဂုဏ်ပြုဝမ်းမြောက်ကြောင်းပေးပို့တဲ့နိုင်ငံ လက်တစ်ဆုပ်စာပဲရှိပြီး၊ အဲဒီထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သမ္မတပူတင် နောက်တစ်ကြိမ်ရွေးကောက်ခံရတာဟာ ရုရှားပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝရှိတာကို ဖော်ပြနေတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုတဲ့အကြောင်း Al Mayadeen အာရပ်သတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဂုဏ်ယူဝမ်းမြောက်ကြောင်းပေးပို့တဲ့ သဝဏ်လွှာကို တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတပူတင်ဟာ ပြီးခဲ့တဲ့ သုံးရက်အတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်လို့ ရုရှားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ပူတင်ဟာ နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်းယူခွင့်ရမှာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေတဲ့ "ကမ္ဘာ့ခေါင်းဆောင်" ဖြစ်တယ်လို့ ၂ဝ၂၂ ခုနှစ်တုန်းက ပူတင်နဲ့ နှစ်ဦးသားတွေ့ချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမွမ်းပြောဆိုခဲ့ဖူးပါတယ်။