စစ်ကောင်စီကို အသိအမှတ် မပြုဖို့ နိုင်ငံတကာကို NUG တောင်းဆို

စစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေး ကြိုးပမ်းနေမှုကို လက်မခံဖို့နဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး လုပ်ဆောင်အောင် ဝိုင်းဝန်းဖိအားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သံတမန်ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့တာလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အခြေအနေတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေစိုးမိုးရရှိထားတဲ့ အခြေအနေတွေ၊ အရပ်သားအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ထားတဲ့အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို လက်နက်၊ ငွေကြေးထောက်ပံ့မှုတွေအပေါ် နိုင်ငံတကာအနေနဲ့ ပူးပေါင်းပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဘဏ္ဍာရေးနဲ့ နည်းပညာအကူအညီတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့၊ စစ်ကောင်စီကို လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်တွေ လိုက်နာလာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ဖော်ဆောင်နိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေကြံဆလုပ်ဆောင်ဖို့နဲ့ အထွေထွေအတွင်းရေးမှူးအနေနဲ့ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂအေဂျင်စီတွေရဲ့ လုပ်ဆောင်မှု အစီရင်ခံစာတစ်ခုကို ပြင်ဆင်ရေးသားနိုင်ရေး တောင်းဆိုဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ရေးသားထားပါတယ်။