စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လက်ပံတောရွာ ဒုတိယအကြိမ်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လက်ပံတောရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့တာကြောင့် တစ်ရွာလုံးမှာ နေအိမ်ငါးအိမ်ခန့်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှာ မင်းကင်းမြို့နယ်၊ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားက လက်ပံတောရွာကို ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

"မနေ့က အိမ်ငါးလုံးလောက် ထပ်ရှို့တယ်ပြောတယ်။ သူတို့က ကျန်တာ ဆယ်အိမ်လောက်ကျန်တာကို ငါးအိမ်လောက် ထပ်ရှို့သွားတယ်ပြောတာ"

လက်ပံတောရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က လူနေအိမ် ၂၈ လုံး အပါအဝင် နှစ်ရွာပေါင်း
နွားအစာတိုက်နဲ့ နွားဇောင်း ၂၅ လုံးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက မီးရှို့တာခံခဲ့ရပါတယ်။

အဲဒီနောက် ငါးလအကြာမှာ အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ အိမ်ငါးလုံး ထပ်မံမီးရှို့ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

အိမ်ခြေ ၄၀ ဝန်းကျင်ရှိတဲ့ လက်ပံတောရွာက ဒေသခံ ၃၀၀ ဝန်းကျင်ဟာ ပထမတစ်ကြိမ် မီးရှို့တဲ့ ဇွန်လ မှာကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီအနီးနားက အိမ်ခြေ ၉၀ ခန့်ရှိတဲ့ ကုန်းမော်ရွာဟာလည်း ပြီးခဲ့တဲ့ ဇွန်လမှာ လက်ပံတောရွာနဲ့အတူ မီးရှို့ခံခဲ့ရပြီး အိမ် ၄၈ လုံး ဆုံးရှုံးခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ မီးမရှို့ဘဲ PDF တွေက မီးရှို့တာ ဖြစ်တယ်လို့ စွပ်စွဲထားဖူးပါတယ်။