စစ်ကိုင်းတိုင်းမှာ သုံးပတ်အတွင်း လူ လေးဆယ် သေဆုံး

စစ်ကိုင်းတိုင်းမှာ မတ်လ ၁ ရက်နေ့ကနေ မတ်လ ၂၁ ရက်နေ့အတွင်း PDF တစ်ဦးအပါအဝင် လူ လေးဆယ်ဟာ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ ပါဝင်နေပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ AAPP က ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက သေဆုံးသူ လေးဆယ်ထဲမှာ ၁၄ ဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ခံခဲ့ရပြီး သေဆုံးခဲ့ရတာလို့ AAPP က ဆိုပါတယ်။

ကျန်တဲ့ ၂၆ ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှု၊ ပစ်ခတ်ခံရမှုနဲ့ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရတာလို့ ဖော်ပြထားပါတယ်။

AAPP က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ၂၁ ဦး၊ တန့်ဆည်မြို့နယ်က ခုနစ်ဦး၊ ယင်းမာပင်မြို့နယ်က ငါးဦး၊ မုံရွာမြို့နယ်က လေးဦး၊ ကန့်ဘလူမြို့နယ်က နှစ်ဦးနဲ့ ကနီမြို့နယ်က တစ်ဦး သေဆုံးခဲ့ရတာ တွေ့ရပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ရာမှာတော့ မအားလပ်သေးဘူးလို့ ဖြေဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်းမှာ သေဆုံးခဲ့ရသူပေါင်း ၄၇၅၉ ဦး ရှိနေပြီလို့ ဖော်ပြထားပါတယ်။