စစ်ကိုင်းမှာ ဘုန်းကြီးကျောင်းကို ဝင်ရှာပြီး ဥပုသ်စောင့်သူတွေကို စစ်ဆေး
2021.05.25
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သံဘိုကျေးရွာကို မေလ ၂၅ ရက် ဒီနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲကို ဝင်ရောက် စီးနင်းရှာဖွေခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မနက်ဖြန် ကျရောက်မယ့် ကဆုန်လပြည့်နေ့မတိုင်ခင် တစ်ရက် အဖိတ်ဥပုသ်နေ့အဖြစ် ဘုန်းကြီးကျောင်းထဲမှာ ဥပုသ်စောင့်နေကြတဲ့ ရွာသားတွေကိုလည်း မေးမြန်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီလို မေးမြန်းစစ်ဆေးပြီးတဲ့နောက် ဘာမှရှာမတွေ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပေမယ့် လမ်းမှာတွေ့တဲ့ ဘုန်းကြီးကျောင်းသားသုံးယောက်နဲ့ ရွာသား နှစ်ယောက် စုစုပေါင်း ၅ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေ မောင်းလာတဲ့ ဘုန်းကြီးကျောင်းပိုင် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်သားတွေက သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးသွားတဲ့သူတွေကို ဘယ်ကိုခေါ်သွားလဲဆိုတာ မသိရသေးပါဘူး။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ အစစ်ဆေးမခံတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်သည်အထိ ရှိနေပါတယ်။