ချင်းအမျိုးသား မှားယွင်းပစ်သတ်ခံရမှု တာဝန်ယူမှာဖြစ်ကြောင်း တမူး ပကဖ ထုတ်ပြန်

RFA Burmese
2024.02.14
ချင်းအမျိုးသား မှားယွင်းပစ်သတ်ခံရမှု တာဝန်ယူမှာဖြစ်ကြောင်း တမူး ပကဖ ထုတ်ပြန် တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဆလိုင်းဘော်ဘွိုင်းအား တွေ့ရစဉ်။
Salai Bawi Bawi - Fb

ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) ရဲ့ သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဆလိုင်းဘော်ဘွိုင်းကို တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်မိခဲ့တဲ့အပေါ် တာဝန်ယူ၊ တာဝန်ခံသွားမယ်လို့ တမူးခရိုင် (ပကဖ) က ဖေဖော်ဝါရီလ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်စံပြရွာ စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၃၁ ရက်က ကားတွေကိုစစ်ဆေးနေချိန် ဆလိုင်းဘော်ဘွိုင်းကို တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နားလည်မှုလွဲမှားပြီး သေနတ်နဲ့ ပစ်မိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးကြောင့် ပစ်ခတ်ခဲ့တာမျိုး မဟုတ်ဘဲ လုံခြုံရေးစစ်ဆေးသူနဲ့ စစ်ဆေးခံရသူတွေကြားမှာ နားလည်မှုလွဲမှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တစ်ဦးက ဆလိုင်းဘော်ဘွိုင်းရဲ့ ဦးခေါင်းကို သေနတ်နဲ့ပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် သေဆုံးသွားခဲ့ရတဲ့ ဆလိုင်းဘော်ဘွိုင်းရဲ့ မိသားစုနဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) CNO/CNDF (Upper Chindwin Region - UCR) ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါပေမဲ့ အသက် ၂၇ နှစ်အရွယ် ဆလိုင်းဘော်ဘွိုင်းရဲ့ ယုံကြည်ချက်နဲ့ မပြီးဆုံးသေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တာဝန်တွေကို ဆက်လက်ထမ်းဆောင်းရင်း အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။