စလင်းမှာ စစ်မှုထမ်းဖို့လူစုနေတဲ့ အုပ်ချုပ်ရေးမှူးသုံးဦး အသတ်ခံရ

RFA Burmese
2024.03.28
စလင်းမှာ စစ်မှုထမ်းဖို့လူစုနေတဲ့ အုပ်ချုပ်ရေးမှူးသုံးဦး အသတ်ခံရ အသတ်ခံရသည့် စလင်းမြို့နယ်၊ ပုခတ်တိုင်ရွာ အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရရှိသော လက်နက်နှင့် ဆက်သွယ်ရေးစက်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- စလင်း

မကွေးတိုင်း၊ စလင်းမြို့နယ် ကျွဲခြံ၊ ဘန့်ပြင်နဲ့ ပုခတ်တိုင်ကျေးရွာက အသက် ၅၀ ဝန်းကျင်အရွယ် အုပ်ချုပ်ရေးမှူး သုံးဦးဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းပေးဖို့ လူစုပေးနေတာကြောင့်လို့ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွဲခြံရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ဟာ မတ်လ ၂၆ ရက်နေ့ ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို မတ်လ ၂၅ ရက်နေ့မှာလည်း ဘန့်ပြင်ရွာအုပ်ချုပ်ရေးမှူး ဦးလူမြင့်(ခ) ဦးမုတ်စီ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပုခတ်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးကတော့ မတ်လ ၁၈ ရက် ညနေပိုင်းမှာ ရွာထဲ အသံချဲ့စက်နဲ့ စစ်မှုထမ်းဖို့ နှိုးဆော်ချိန်မှာပဲ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်ခဲ့တာဟာ မိမိတို့အဖွဲ့လက်ချက်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုအောင်ဆန်းက RFA ကို ပြောပါတယ်။

“ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့အညီ စောင့်ကြည့်လေ့လာပြီးတော့ အရမ်းကြီးဆိုးတယ်ဆိုရင် ကျွန်တော်တို့က ရှင်းလင်းတာပေါ့။ သူတို့အားလုံးက တစ်ပုံစံတည်းပဲ။ ရွာမှာ အသံချဲ့စက်နဲ့ အော်ပြီး စစ်မှုထမ်းအတွက် စည်းရုံး တယ်။ သူတို့လူတွေကျတော့ချန်ပြီး ရွာသားတွေကို အဓိက စစ်မှုထမ်းခိုင်းဖို့လုပ်တယ်။ နောက်ပိုင်း အရမ်းဆိုးရင် ဆိုးသလို ပြည်သူတွေကို စိတ်ဒုက္ခပေးတယ်ဆိုရင် ဆက်ရှင်းလင်းသွားမယ်။ မဟုတ်ရင် ရာထူးကနေ နုတ်ထွက် ပေးပေါ့။ မနုတ်ထွက်ရင် အရေးယူမှုတွေ ဆက်လုပ်သွားမှာပါ”

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကျေးရွာ၊ တိုက်နယ်၊ ရပ်ကွက်အလိုက် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းထား သလို တစ်ဦးချင်းအလိုက် ထုတ်ပြန်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ မတ်လ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ မတ်လ ၂၆ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ပတ်သက်ဆက်နွှယ်သူ ၁၉ ဦး သတ်ဖြတ်ခံရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

အသတ်ခံရသူတွေဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကချင် ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူးတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။