စရခ၊ တပ်မ ၃၃ နဲ့ ၉၉ တို့ကို ဗြိတိန် ပိတ်ဆို့အရေးယူ

မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ကို ပိတ်ဆို့အရေးယူကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၉ ရက်နေ့က ကြေညာလိုက်ပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကို တရားမဝင် ထိန်းသိမ်းခံထားရတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ညှင်းပမ်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် အရေးယူတာဖြစ်တယ်လို့ ဆိုပါတယ်။

ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ကိုလည်း ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူလွန်ခဲ့တာတွေကြောင့် ပိတ်ဆို့အရေးယူတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်က အကျင့်ပျက် ခြစားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှု ကျူးလွန်သူ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၃၀ ကို ဗြိတိန်နိုင်ငံက ဒီဇင်ဘာလ ၉ရက်နေ့ မနေ့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။