ဆောမြို့ ရွာနှစ်ရွာက နေအိမ် ၂၆၀ ခန့် မီးရှို့ခံရပြီး ဒေသခံ ၁၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မကွေးတိုင်း၊ ဆောမြို့နယ်က ရွာနှစ်ရွာကို နိုဝင်ဘာလ ၁၅ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၆၀ ခန့် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၁၅၅၂ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး အားလုံး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေနှစ်ရာကျော်ရှိတဲ့ လက်ပန်းရွာမှာ နေအိမ် ၁၈၅ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး အိမ်ခြေတစ်ရာခန့်ရှိတဲ့ ပဆုပ်ရွာမှာတော့ နေအိမ် ၇၅ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ကျောက်ထုမြို့ကနေတဆင့် လက်ပန်းရွာကို မနက်ပိုင်း ဝင်ရောက်မီးရှို့ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ပဆုပ်ရွာကို ထပ်မံဝင်ရောက် မီးရှို့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတပ် မီးရှို့လို့ အိမ်ခြေပေါင်း ၂၆၀ ဆုံးရှုံးတယ်။ လူဦးရေအားဖြင့် ၁၅၅၂ ယောက်က မီးဘေးသင့် ပြည်သူပေါ့ဗျာ။ ဒီနေ့ နောက်ထပ်အသစ် ဆုံးရှုံးမှုတွေကတော့ ကျနော်တို့ မီးလောင်ပြင်တွေထဲမှာ ရှာဖွေတုန်းပေါ့ဗျာ။ ပြေးကြ လွှားကြဆိုတော့"

မီးလောင်ပျက်စီးသွားတဲ့ ရွာနှစ်ရွာရဲ့ နေအိမ်အရေအတွက်ကို ဒီနေ့အထိ အတည်ပြုထားတာဖြစ်ပြီး နောက်ထပ် ပျက်စီဆုံးရှုံးမှုတွေလည်း ထပ်တွေ့နိုင်သလို လက်ရှိမှာလည်း ရွာတွေထဲကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ မီးထဲပါသွားလားဆိုတာ ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနှစ်ရွာရဲ့ အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာ ရွာတွေကို မီးရှို့ပြီး ထွက်သွားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ လက်ရှိ ဒီနေ့အချိန်အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့ညနေကလည်း ကျောက်ထုမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့လို့ ကံကြီးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး တင်ပါးဆုံမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သလို ရင့်ရဲ့ရဲရွာမှာလည်း နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီရွာတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

မြန်မာ့ မဟာဗျူဟာနဲ့ လေ့လာရေးအင်စတီကျူ (ISP- Myanmar) ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုက နေအိမ်၊ အဆောက်အအုံနဲ့ ဘာသာရေး အဆောက်အအုံ အပါအဝင် စုစုပေါင်း ၃၈၅၆၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။