ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဖို့ စောနယ်ဒါးမြ ဖိတ်ခေါ်

ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်းစည်းမှ စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်မှာဖြစ်လို့ ကရင်ပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ကော်သူးလေတပ်မတော်ခေါင်းဆောင်စောနယ်ဒါးမြက အောက်တိုဘာလ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ကော်သူးလေ တပ်မတော်အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး လက်ရှိအချိန်ဟာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးရှိသင့်တဲ့အချိန်ဖြစ်တယ်လို့သူက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုစောနန္ဒဆူးက…

" ပုဂ္ဂလိက သဘောထားကို ပြောရမယ်ဆိုရင်တော့ ကရင်တိုင်းရင်းသားလူမျိုးတစ်ယောက်အနေနဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စည်းလုံးမှုရှိစေချင်တယ်။ ဒီစိတ်ဆန္ဒက အစစ်အမှန်ပဲ အစုအဖွဲ့အသီးသီးက စစ်အာဏာရှင်ကျဆုံးဖို့ တစ်စုတစ်စည်းထဲ စုပေါင်းညီညွတ်ကြမယ်ဆိုရင်တော့ တကယ်ကောင်းတဲ့အရာပဲလို့ ပြောချင်ပါတယ်။" လို့ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့သဘောထားကို သိရဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို RFAက ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိသေးပါဘူး။

ကော်သူးလေတပ်မတော်ခေါင်းဆောင်စောနယ်ဒါးမြဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမတိုင်ခင်က ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဝေါလေဒေသအတွင်းမှာ အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KNDOရဲ့ လက်ချက်လို့ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်လာပြီးနောက် KNU က ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြဘက်က စုံစမ်းစစ်ဆေးမှုအတွက် ဖိတ်ခေါ်တာတွေမှာ မလာရောက်ခဲ့ဘူးလို့ KNU ဘက်က အဲ့ဒီအချိန်က ထုတ်ပြောခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကော်သူးလေတပ်မတော်ကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြက တည်ထောင်ခဲ့ပြီး ဒီလိုတည်ထောင်တာကို အသိအမှတ်မပြုကြောင်း KNU/KNLA က ဇူလိုင်လ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ KNLA/PC စတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ သုံးသိန်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကရင်အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။