အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနဲလ် စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက စက်တင်ဘာ ၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ မစ္စတာရှောင်တာနဲလ်နဲ့အတူ ပူးတွဲစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်ကို စစ်ဆေးခဲ့ပြီး နောက်ထပ် စစ်ဆေးစရာသက်သေတွေ မကျန်တော့တာကြောင့် လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက်ပေးဖို့အတွက် တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
ဒီအမှုမှာ မစ္စတာ ရှောင်တာနဲလ်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ပါ ပူးတွဲစွဲဆိုခံထားရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ အပြီးသတ်လျှောက်လဲချက်ပေးပြီးရင်တော့ နောက်ထပ် ရုံးချိန်းမှာ အမိန့်ချတဲ့ အဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁)(ဂ) ဟာ အင်္ဂလိပ်ကိုလိုနီ လက်ထက် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် Antony Albanese နဲ့ နိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ကတော့ မစ္စတာ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မစ္စတာ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာ ရှောင်တာနဲလ်ကိစ္စမှာ ဩစတြေးလျနိုင်ငံအစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်မယ်ဆိုရင် တင်းတင်းမာမာ ဆောင်ရွက်ရမယ့် အခြေအနေမျိုးမရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
မစ္စတာ ရှောင်တာနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါတယ်။