ကိုဆွေဝင်း ပုဒ်မနှစ်ခုကို ကျူးလွန်ရာ မရောက်ကြာင်း သာသနာရေး ဝန်ကြီးဌာန မှတ်ချက်ပေးပို့

2017-04-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

မန္တလေးမြို့မစိုးရိမ်တိုက်သစ်က မဘသ အဖွဲ့ဝင် ဆရာတော် ဦးဝီရသူ ရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့တာကြောင့် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ အဲဒီစွဲချက်နှစ်ခုစလုံးကို ကျူးလွန်ရာမရောက်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက သဘောထားမှတ်ချက် ပေးပို့လိုက်ပါ တယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပေးပို့တဲ့ စာအရ ကိုဆွေဝင်းဟာ သတင်းသမားတစ်ဦး အနေနဲ့ ရေး သားဖော်ပြခဲ့တာ ဖြစ်ပြီး ဦးဝီရသူကို လူမှုကွန်ယက်ကနေ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ရည်ရွယ်ရေးသားရာ မရောက်ကြောင်း ပါရှိပါတယ်။

ဒါ့အပြင် ကိုယ်ကျင့်သိက္ခာနဲ့ အမှန်တကယ် ပြည့်စုံသူကိုသာ ဂုဏ်သိက္ခာညှိုးနွမ်းစေလိုတဲ့ သဘောဆန္ဒနဲ့ စွပ်စွဲရင် အသရေဖျက်ရာရောက်ပြီး ဦးဝီရသူဟာ သာမန်ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးပင် စောင့်ထိန်းအပ်တဲ့ ဝစီဒုစရိုက်လေးပါးကို ကျူးလွန်နေတာကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဟောဖို့ တစ်နှစ်တိတိ ပိတ်ပင်ခံထားရ သူဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဦးဝီရသူရဲ့ ဟောပြောချက်တွေအပေါ် ရဟန်းတစ်ပါးက မှတ်ချက်ပြု မိန့်ကြားချက်ကို အခြေခံပြီး ကိုဆွေဝင်းက ရေးသားဖော်ပြခဲ့တာသာဖြစ်တဲ့အတွက် အသရေဖျက်ရာ မရောက်ကြောင်း ဝန်ကြီးဌာနရဲ့ စာမှာ ပါရှိပါတယ်။

သာသနာညှိုးနွမ်းစေမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ကိစ္စမှာလည်း ကိုဆွေဝင်းဟာ ဦးဝီရသူနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေဟာ သာသနာတော်နဲ့ပတ်သက်ပြီး ငြိစွန်းချက်တွေ မပါတာကြောင့် ပုဒ်မ ၂၉၅(က) သာသနာ ညှိုးနွမ်းစေမှုကို ကျူးလွန်ရာမရောက်ကြောင်း သဘောထားပေးထားပါတယ်။

ကိုဆွေဝင်းကို ဦးဝီရသူရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေက ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းက ဒီနေ့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ စစ်ချက်လာယူခဲ့ပါတယ်။ ကိုဆွေဝင်းဟာ ပုဒ်မ ၆၆(ဃ)အပြင် ကြည့်မြင်တိုင်မြို့နယ်နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းတို့မှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆို ခံထားရပါတယ်။

အဲဒီအချက်တွေပေါ် မူတည်ပြီး ဦးဝီရသူအပေါ် မှတ်ချက်ပြု မိန့်ကြားချက်ကို အခြေခံပြီး ဖော်ပြတဲ့ သတင်း သမားတစ်ဦးအနေနဲ့ ဦးဝီရသူကို အသရေဖျက်ရာမရောက်ကြောင်း သုံးသပ်ထားတယ်လို့ ဖော်ပြထားပါတယ်။ စွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ဖြေရှင်းတင်ပြရာမှာ အထောက်အထား အဖြစ် ဖြေကြားတင်ပြနိုင် ဖို့အတွက် ဝန်ကြီးဌာနက သဘောထားထုတ်ပြန်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို လက်ခံထားတဲ့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မြို့မ ရဲစခန်းကဆင့်ခေါ်တဲ့ အတွက် ကိုဆွေဝင်းဟာ ဒီကနေ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရဲစခန်းကို လာရောက်ခဲ့ပါတယ်။

ဦးဝီရသူကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က တရားဟောခွင့် တစ်နှစ် ပိတ်ပင် ထားပေမယ့် ဦးဝီရသူ ဟာ တရားပွဲတွေမှာ ပါးစပ်ကို တိပ်နဲ့ ပိတ်ပြီး တရားခွေဖွင့်ပြီး တရားပွဲတွေ ဆက်လက် ကျင်းပနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့