ချင်းဒေသခံ လေးဦး စစ်ခုံရုံးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

RFA Burmese
2024.02.15
ချင်းဒေသခံ လေးဦး စစ်ခုံရုံးမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဟားခါးမြို့ဒေသခံ နှစ်ဦးနဲ့ မင်းတပ်မြို့ဒေသခံ နှစ်ဦး၊ စုစုပေါင်းလေးဦးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ခုံရုံးက ထောင်ခုနစ်နှစ်ကနေ ထောင်တစ်သက်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟားခါးမြို့ခံ ကိုငွန်လျှန်ထန်း (ခ) ရောဘတ်နဲ့ ကိုဗန်ချန်ကျဲအိုတို့ဟာ တော်လှန်ရေးတပ်ဖွဲ့ဆီမှာ စစ်သင်တန်း တက်ရောက်ခဲ့တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ မင်းတပ်မြို့က ကိုလိန်းခေါဂေနဲ့ ကိုအွမ်လိန်းဂေ (ခ) ပီတာတို့ဟာလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီအမိန့်တွေဟာ တရားမျှတမှု မရှိတာကြောင့် လက်ခံနိုင်စရာမရှိဘူးလို့ လုံခြုံ‌ရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်ကောင်စီက အခုလို သူတို့ စစ်ခုံရုံးကနေ အမိန့်ချတာက တရားမျှတမှုမရှိသလို လက်ခံနိုင်စရာမရှိဘူး။ ပြည်သူတွေကို အကြောက်တရားသွင်းတာ။ တော်လှန်ရေးတပ်သားတွေကို ထောက်ခံမှုလျော့ပါးအောင် နည်းအမျိုးမျိုးနဲ့ လုပ်နေတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးထားပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်း သုံးနှစ်အတွင်း ချင်းအမျိုးသား တစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အနည်းငယ်သာ ပြန်လွတ်မြောက်လာပေမယ့် အများစုက ဖမ်းဆီးထိန်းခံရဆဲဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။