တီးတိန် - ကလေး ကားလမ်းမပေါ် မိုင်းကွဲလို့ ဒေသခံ ခုနစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းရွာအနီးက တီးတိန် - ကလေး ကားလမ်းမပေါ်မှာ အောက်တိုဘာလ ၁၄ ရက် မနေ့ ညနေပိုင်းက မိုင်းပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံအရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိုင်းငင်းရွာဒေသခံ တွေက ပြောပါတယ်။

မနေ့က သိုင်းငင်းရွာအနီး ငါးမိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကလေး ပြည်သူ့ကာကွယ်ရေး တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ငါးမိုင်ရွာက ဒေသခံ နှစ်ဆယ်နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လမ်းမှာ မိုင်းပါက်ကွဲခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲက ခုနစ်ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိုင်းငင်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်ပိုင်းမှာ ငါးမိုင်ရွာမှာ တိုက်ပွဲဖြစ်တယ်။ ဒါနဲ့ သူတို့ပြန်ဆုတ်တော့ ရွာကဒေသခံ နှစ်ဆယ်နီးပါးကို ကားပေါ်ခေါ်တင်သွားတာပေါ့။ သိုင်းငင်းရွာနားလည်းရောက်တော့ ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းပေါက်ကွဲတာပဲ။ ကာကွယ်ရေးတပ်ဘက် ကလည်း စစ်သားတွေ ပါလာတယ်ဆိုတော့ ဒေသခံပါမှန်းမသိဘဲ ဖောက်ခွဲလိုက်တာ"

ဒီပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦးတို့ ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ခရီးသွားတွေဖြစ်ပြီး သူတို့ကို စစ်ကိုင်းတိုင်း ကလေးမြို့ နယ်မြေခံ တပ်မတော်ဆေးရုံကို ပို့ပြီး ဆေးကုသမှုပေးနေတယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၁၅ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီမိုင်းထောင်ဖောက်ခွဲမှုကို ကလေး ပြည်သူ့ကာကွယ်ရေးတပ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ်ဖမ်းခေါ်ခဲ့တာကို မသိဘဲ မိုင်းခွဲခဲ့တာလို့ ကလေး ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်လာတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။