ရှမ်းတောင်မှာ တိုက်ပွဲကြောင့်ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သိန်းကျော်လာ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က စဖြစ်တဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်သွားပြီလို့ ပအိုဝ်း လူငယ်အစည်းအရုံး (PYO) က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပင်လောင်းမြို့နယ်အတွင်း အခုရက်ပိုင်းပြန်ဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ဒုက္ခသည်အရေအတွက် ထပ်တိုးလာတာလို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။

“ပင်လောင်းမြို့နယ် တောင်မဲသင်းရွာမှာ မြေပြင်တိုက်ပွဲပြန်ဖြစ်တော့ တောင်မဲသင်း၊ ဆောင်းပြောင်းက ဒေသခံတွေပါ ထပ်ပြီးထွက်ပြေးရတော့ ဒုက္ခသည်က ပိုများလာတာ။ အခုစာရင်းအရဆိုရင် ထွက်ပြေးရတဲ့လူတွေက တစ်သိန်းကျော်ရှိနေပြီ”

ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ နှစ်လနီးပါးရှိနေပါပြီ။

တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ်ခြောက်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုခြောက်အုပ်စုကနေ ထွက်ပြေးရတဲ့ဒုက္ခသည် (၆၉၅၀၀) ရှိပြီး ဟိုပုံးမြို့နယ်မှာလည်း ကျေးရွာပေါင်း ၃၁ ရွာက ထွက်ပြေးနေရတဲ့ဒုက္ခသည် (၁၈၆၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်အတွင်းမှာ မတ်လ ၁၁ ရက်နေ့ပြန်ဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ရဲ့ တိုက်ပွဲကြောင့် တောင်မဲသင်း၊ ကာရား၊ နောင်ဝိုး စတဲ့ရွာတွေ အပါအဝင် ရွာပေါင်းနှစ်ဆယ်ကျော်က လူဦးရေ (၁၇၃၀၀) ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ PYO က ဖော်ပြထားပါတယ်။

ထွက်ပြေးရသူများလာတာနဲ့အမျှ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေးမှာလည်း ပိုခက်ခဲလာပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူအချို့က ပြောပါတယ်။

လက်ရှိ စားသောက်ရေးအပိုင်းမှာ အကူအညီပိုလိုအပ်နေပြီး တောတောင်တွေထဲနေထိုင်ရတဲ့ ဒုက္ခသည်တွေအတွက်လည်း နေထိုင်စရာတွေပါ အကူအညီလိုနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

(PNLA) နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ စာရင်းအရ တိုက်ပွဲကာလအတွင်းမှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၄၉ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ အယောက်ခြောက်ဆယ်ရှိပါတယ်။