တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) ပြန်လွတ်၊ ဇာတ်မင်းသား ဖိုးချစ် ဆက်လက်ဖမ်းဆီးခံထားရ

တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) အား တွေ့ရစဉ်။
တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) အား တွေ့ရစဉ်။ (Citizen Journalist)

ဖမ်းဆီးခံထားရတဲ့ တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံကျော် ဇာတ်မင်းသား ဖိုးချစ်ကိုတော့ အာဏာပိုင်တွေက ဆက်လက်စစ်ဆေးနေတယ်လို့ ပြန်လွတ်လာတဲ့ သျှန်ထွဏ်း (မြန်မာစာ) က RFA ကို ပြောပါတယ်။

“ကိုဖိုးချစ်ကတော့ စစ်ဆေးတဲ့ဟာလေးတွေ နည်းနည်းကျန်နေလို့ ဆက်ပြီးတော့ အစစ်ဆေးခံ နေရတယ်။ ပြီးလို့ရှိရင်တော့ အဆင်ပြေမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်ခင်ဗျ”

ဖမ်းဆီးခံထားရချိန် ၁၀ ရက်အကြာ စစ်ဆေးမေးမြန်းပြီးနောက် သျှန်ထွဏ်း (မြန်မာစာ) နဲ့ အစ်မဖြစ်သူတို့ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ဇာတ်မင်းသား ဖိုးချစ်နဲ့ တပည့်ဖြစ်သူကို နိုဝင်ဘာ ၃၀ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး သျှန်ထွဏ်း (မြန်မာစာ) တို့ မောင်နှမ နှစ်ယောက်ကိုတော့ ပုဂံကိုဘုရားဖူးအသွား သုညမိုင်ဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ဇာတ်မင်းသား ဖိုးချစ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသဘင် အစည်းအရုံး ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ထားသူဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၈၂ ဦးထိရှိနေပါတယ်။