မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
2023.12.21
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးနန်းတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နေရာကို ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့မနက် အစောပိုင်းမှာ တာဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုကိုလုပ်ခဲ့တဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ နန်းတွင်းအနီး နေထိုင်သူ မြို့ခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Brave Warriors For Myanmar (BWM) အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဒုတိုင်းမှူးတွေနေတဲ့ အဆောင်တွေအထိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
“တာဝေးပစ် ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပစ္စည်းချို့ယွင်းမှုကြောင့် တစ်လုံးပဲ မကွဲတာပါ။ ငါးလုံးက အောင်အောင်မြင်မြင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီ လပခ အထူးရုံး၊ စစ်ကောင်စီ တပ်ဖွဲ့တွေနေတဲ့ အဆောင်တွေအပြင် လပခ တိုင်းမှူးနဲ့ ဒုတိုင်းမှူးတွေနေတဲ့ အဆောင်တွေကိုပါ ထိအောင် ပစ်ခတ်နိုင်ခဲ့ပါတယ်”
အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု အခြေအနေတွေနဲ့ လူသေဆုံးထိခိုက်မှု ရှိ၊ မရှိကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ သူကဆိုပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်က မြို့တွင်းမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မန္တလေး နန်းတွင်းအနီးမှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“နန်းတွင်းထဲ ပစ်ခတ်ခံရတာ ဟုတ်ပါတယ်။ ကျွန်တော်တော့ စိုးရိမ်စိတ်များတာနဲ့ ဆက်အိပ်မပျော်တော့ဘူး။ နှစ်နာရီကျော် သုံးနာရီကလည်း ထိုးပြီဆိုတော့၊ ဒီနေ့မနက် ဆိုင်ကယ်လေးနဲ့ အနီးအနား ပတ်ကြည့်လိုက်သေးတယ်။ ထူးခြားတာကတော့ အရင်ရက်တွေကထက် လမ်းတွေ ပိတ်တယ်။ ဆိုင်ကယ်တွေ၊ ကားတွေ စစ်တယ်”
ဒီတိုက်ခိုက်မှုကို မြို့ပြ အထူးစစ်ဆင်ရေး (U.S.O) ရဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ No More Dictatorship NMD-PDF၊ Brave Warriors for Myanmar (BWM) အဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ရွှေပြည်စိုး စစ်ဆင်ရေးအနေနဲ့ မန္တလေးနန်းတွင်း၊ အိုးဘိုထောင် ဗဟိုကင်းနေရာတွေ အပါအဝင် မြို့ပေါ်က ရဲစခန်းတချို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။