ဖားကန့် မှော်ဘုံရွာက ဆိုင်တစ်ဆိုင် မီးရှို့ခံရပြီး ဒေသခံနှစ်ဦး ဖမ်းဆီးခံရ

2022.09.14
ဖားကန့် မှော်ဘုံရွာက ဆိုင်တစ်ဆိုင် မီးရှို့ခံရပြီး ဒေသခံနှစ်ဦး ဖမ်းဆီးခံရ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မှော်ဘုံရွာရှိ ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်ဘုံရွာကို PDF တွေရှိတယ်ဆိုပြီး စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်သားတွေ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ပြီး ဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့သလို ဒေသခံနှစ်ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားငါးစီးနဲ့ရောက်လာပြီး ကုန်စုံဆိုင်ကိုမီးရှို့ကာ ဆိုင်ရှင်နဲ့ လူငယ်တစ်ဦးကို ဖမ်းသွားတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက် ငါးနာရီလောက် ကုဋေဦး ကုန်စုံဆိုင်မီးရှို့လိုက်တာ။ ကားငါးစီးနဲ့လာတာ။ ဆိုင်ရှင်နဲ့ လူငယ် တစ်ယောက်ကိုလည်း ဖမ်းသွားတယ်။ ကံဆီးနဲ့ ဆန်ခါထောင်ကနေ လည်း လက်နက်ကြီးတွေပစ်တယ်။ လူတွေ ထိတာတော့ မရှိဘူး။ စစ်ရေးက တင်းမာနေ ကြဆဲပဲ အခုလည်း။ ရွာသားတွေလည်း အကုန်ထွက်ပြေးနေရပြီ”

လက်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဥရုချောင်းရဲ့ အရှေ့ဘက်ကမ်းမှာ စစ်ကြောင်းထိုး တပ်စွဲထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်စု တစ်ထောင်ကျော်ရှိတဲ့ မှော်ဘုံရွာက ဒေသခံတချို့ကတော့ စစ်ကောင်စီတပ် တွေ ရွာကို ဝင်စီးမယ် ဆိုတဲ့ သတင်းကြောင့် စက်တင်ဘာလ တစ်ရက်နေ့ကတည်းက နေ့ပိုင်းသာ ရွာထဲနေကြပြီး ညပိုင်းဆိုရင် အခြားဘေးလွတ်ရာမှာ ပုန်းရှောင်နေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ စစ်ကောင်စီ တပ်သားတွေဟာ PDF တွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်စီးနင်းတာ ဖြစ်သလို PDF တွေစျေးဝယ်ခဲ့တဲ့ လမ်းသွယ် (၉) က ကုဋေဦးကုန်စုံဆိုင်ကို မီးရှို့ပြီး ပိုင်ရှင်ကို ဖမ်းသွားတာလို့ ပြောပါတယ်။

ဝင်ရောက်ချိန် နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း မော်ဘုံရွာက ဒေသခံနှစ်ဦးကို PDF တွေ ထောက်ပံ့တယ်လို့ စစ်ကောင်စီတပ်ဘက်က စွပ်စွဲပြီး ဖမ်းဆီးခဲ့သလို နေအိမ်တစ်လုံးနဲ့ ကားတစ်စီးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။