စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မတ်လ ၂၂ ရက်နေ့က အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ပစ်သတ်ခံရတာလို့ ရွှေဘိုမြို့ခံတွေနဲ့ ဒီကိစ္စကို လုပ်ဆောင်ခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
အသက် ၃၅ နှစ်ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးဟာ သူနေထိုင်တဲ့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်းမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
ဦးနန်းနွယ်ဦးဟာ ရွှေဘိုမြို့မှာ စစ်ကောင်စီ အားကိုးရသူတစ်ဦးဖြစ်ပြီး ရပ်ကွက်ထဲမှာလည်း စစ်မှုထမ်းဖို့ လိုက်လံနှိုးဆော်နေတာကြောင့် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရွှေဘိုအားမာန် မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"သူက ရွှေဘိုမြို့ပေါ်မှာ အကုန်မွှေတယ်ပေါ့နော်။ သူ့ကြောင့် မြို့ပေါ်ပြောက်ကျားအဖွဲ့ဝင်တွေ အဖမ်းခံရတာတွေလည်း ရှိတယ်။ သူက စစ်တပ်ရဲ့ ထောက်ခံပွဲတွေမှာလည်း ဦးစီးဦးဆောင် လုပ်တာတွေရှိတယ်။ စစ်မှုထမ်းဖို့အတွက်လည်း ရပ်ကွက်ထဲမှာ လက်ကမ်းစာစောင်တွေနဲ့ လိုက်လံတာတွေရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပါ"
ဦးနန်းနွယ်ဦးနဲ့ပတ်သက်လို့ ပြောဆိုချက်တွေအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရွှေဘိုမြို့မှာ စစ်မှုထမ်းဖို့တိုက်တွန်းသူမှန်သမျှကိုရှင်းလင်းသွားမယ်လို့ ရွှေဘိုမြို့ပြပြောက်ကျားအဖွဲ့တွေက သတိပေးထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စကို သူကြားသိရကြောင်းနဲ့၊ ဘယ်သူ့ကိုမှ မဖြစ်စေချင်တဲ့အကြောင်း ပြောပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်၊ ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို မဲနှိုက်ရွေးချယ်တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေကလည်း စစ်ကောင်စီစီရဲ့ စစ်မှုမထမ်းမနေရဥပဒေ ဖော်ဆောင်နေသူတွေကို အရေးယူဖို့၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းဖို့ သတိပေးထားပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်မှုထမ်းဖို့ လှုံ့ဆော်တဲ့ အုပ်ချုပ်ရေးမှူး၊ စာရေး၊ ရာအိမ်မှူးနဲ့ ပါဝင်သူအချို့ အသတ်ခံရတာတွေရှိနေပါတယ်။