တိုက်ပွဲကြောင့် ရွှေဘို - မြစ်ကြီးနားလမ်းမှာ ခရီးသည်တစ်သောင်းကျော် ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က တိုက်ပွဲတွေကြောင့် ရွှေဘို - မြစ်ကြီးနားကားလမ်းမပေါ်မှာ ကားသမားတွေနဲ့ ခရီးသည်တစ်သောင်းကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ အဲဒီမှာ ပိတ်မိနေသူတွေက RFA ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညပိုင်းကစပြီး ရွှေဘို - မြစ်ကြီးနားကားလမ်းမအနီးက ကျောက်တန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ကျောက်တန်းလမ်းဆုံမရောက်ခင် မဲဇာအတက်လမ်းမှာပဲ ကုန်တင်ကား၊ ဆီတင်တဲ့ ဘောက်ဆာကားတွေနဲ့ ခရီးသည်တင်ကားတွေ စုစုပေါင်းလေးထောင်နီးပါး ပိတ်မိနေကြတာပါ။

ကျောက်တန်းရွာအနီးက ကျောက်တန်းလမ်းဆုံမှာ စစ်ကောင်စီတပ်က အင်အား သုံးဆယ်ကျော်နဲ့ အထိုင်ချ စစ်ဆေးနေတယ်လို့ အဲဒီကားလမ်းမှာ လေးရက်ကြာပိတ်မိခဲ့တဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က အေဒီဗန် (AD Van) ကားအသေးလေးနဲ့ မန္တလေးက ဆင်းကြတာ။ လမ်းမှာ လေးရက် ပိတ်မိခဲ့တယ်။ လမ်းတောက်လျှောက်က အင်တာနက် လုံးဝမမိဘူး။ ဖုန်းလိုင်းဆို ထမင်းဆိုင်က ကြိုးဖုန်းပဲရတယ်။ ပိုက်ဆံပေးပြီး အိမ်ကို ဖုန်းဆက်အကြောင်းကြားရတယ်။ ရွှေကချင်ပေါ်က ခရီးသည်ဆိုတွေဆို ဖုန်းတွေ၊ ပိုက်ဆံတွေကို စစ်သားတွေသိမ်းလိုက်တာရှိတယ်။ လမ်းပိတ်တာကတော့ စစ်တပ်ရော၊ PDF ရောပါပဲ"

ကားလမ်း ရက်ကြာကြာပိတ်နေတာကြောင့် ခရီးသည်တချို့ စရိတ်ပြတ်လပ်ပြီး စားရေးသောက်ရေး ဒုက္ခရောက်နေသလို ညဘက်တွေမှာလည်း လမ်းမပေါ်တွေမှာပဲ ဖြစ်သလိုအိပ်နေကြရတယ်လို့ ဆိုပါတယ်။

ကားလမ်းပိတ်နေတာကြောင့် ခရီးသည်တွေ ဒုက္ခရောက်နေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။