ရွှေဘိုအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားငါးဦး ကျန်းမာရေးဆိုးရွားနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်မှာ အကျဥ်းခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားငါးဦးဟာ ကိုယ်အင်္ဂါကျန်းမာရေး ချို့တဲ့မှုနဲ့ရင်ဆိုင်နေရပြီး လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်လာတယ်လို့ ရွှေဘိုအကျဥ်းထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

အခုလိုဖြစ်နေတာ တစ်လကျော်ကြာပေမယ့်လည်း အကျဥ်းထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု အလုံအလောက်မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“အကျဥ်းထောင်ထဲမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေချို့တဲ့လို့ လမ်းမလျှောက်နိုင်တော့ဘူး။ အိမ်သာသွားရင်တောင် တခြားတစ်ယောက်က တွဲပြီးပို့ပေးရတယ်။ အကျဥ်းထောင်ထဲမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားလုပ်နေတဲ့သူတွေတောင် အဲဒီလိုဖြစ်တယ်။ ရတဲ့ဆေးတော့ သောက်နေကြတာပဲ ဒါပေမဲ့ ဆေးဝါးကုသမှုတော့ လိုနေပါသေးတယ်”

ကျန်းမာရေးဆိုးရွားနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် လူလတ်ပိုင်းတွေဖြစ်ပြီး ရွှေဘို၊ ဝက်လက်မြို့နယ်ထဲက နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားငါးဦးရဲ့ အမည်နဲ့ အကျဥ်းကျခံနေရတဲ့ပုဒ်မ အသေးစိတ်တွေကိုတော့ လုံခြုံရေးအခြေအနေအရ ထည့်မပြောပါဘူး။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းထိုးနေလို့ နေရပ်စွန့်ခွာထွက်ပြေးရတာကြောင့် ရွှေဘိုအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာ ပုံမှန်မပို့နိုင်ကြသလို ဆေးဝါးတွေကိုလည်း အပြင်က ပို့ခွင့်ပိတ်ပင်ထားတယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

နိုင်ငံတစ်ဝန်း အကျဥ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေပြီး ထောင်ထဲမှာ လိုအပ်တဲ့ဆေးဝါးတွေ မလုံလောက်ရင် အပြင်ကနေ ပို့ခွင့်ပေးမှ အကျဥ်းသားတွေအတွက် အသက်ရှင်ခွင့်နဲ့ ဆေးဝါးစောင့်ရှောက်မှုတွေရမယ်လို့ နိုင်ငံရေးအကျဥ်းသားအရေး လှုပ်ရှားသူတွေကပြောပါတယ်။

ရွှေဘိုအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လ ၇ ရက်ဒီနေ့အထိ နိုင်ငံတစ်ဝန်းက အကျဥ်းထောင်ထဲမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ဦးအထိရှိလာပြီဖြစ်ပါတယ်။