စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပွတ္တောရွာက ရွာသား ၂၅ ဦးကို ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ အသက် ၁၃ နှစ်ကနေ ၂၀ ကျော်အရွယ် လူငယ်အမျိုးသား အများစု ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ၈၀ နီးပါးပါဝင်တဲ့ စစ်ကြောင်းက ဒီဇင်ဘာ ၄ ရက်နေ့မှာ သပွတ္တောရွာကို ဝင်ရောက်လာပြီး ရွာသား ၂၅ ဦးကို ဖမ်းသွားတာ လို့ ဆိုပါတယ်။
သူတို့အားလုံးကို မူးမြစ်တစ်ဖက်ကမ်းက ရုန်းသာရွာကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
"အဖမ်းခံထားရတဲ့သူတွေ ၂၅ ဦးလုံး ပြန်မလွတ်သေးဘူး၊ ဒီနေ့နဲ့ဆို သုံးရက်မြောက် ရှိပြီပေါ့၊ ဖမ်းခေါ်သွားတဲ့အချိန်က စစ်လက်နက်ပစ္စည်းတွေ သယ်ခိုင်းတာရှိတယ်၊ အခုထိတော့ ဘာအသံမှ မကြားရသေးဘူး၊ သူတို့က စစ်ရှောင်နေရင်း ရွာအခြေအနေ ပြန်ကြည့်တုန်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာပေါ့"
သူတို့ကို ဒေသကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်ဆက်နွှယ်လို့ ဖမ်းသလား၊ စစ်ကြောင်း အတွက် ရိက္ခာနဲ့ စစ်လက်နက်သယ်ခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းခေါ်သွားတာလား၊ စစ်ကြောင်း ပြန်အဆုတ်မှာ PDF တပ်တွေ ဖြတ်မတိုက်နိုင်အောင် ဓားစာခံအဖြစ် ဖမ်းသွားတာလား ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ရွာကို စစ်ကြောင်းဝင်ရောက်ချိန် နေအိမ်တွေကို မီးရှို့တာမျိုး မလုပ်ပေမယ့် ရွာသားတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ သပွတ္တောရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရှောင်မယ်တိမ်းမယ်ဆိုတော့ အလောတကြီးထွက်ရတော့ တချို့ ရွှေတိုရွှေစ၊ ဖုန်း မေ့ကျန်ခဲ့တာတွေ ရှိတယ်၊ အဲဒါတွေ ယူသွားတယ်ပေါ့။ နေအိမ်အကုန် နီးပါးကို လှန်လှောရှာဖွေထားကြတယ်။ အခုထိ ကျမတို့ ရွာထဲ ပြန်မဝင်ရဲကြသေးဘူး။ အခု အဖမ်းခံထားရတဲ့ ကလေးတွေ သတင်းလည်း ထပ်မကြားရသေးဘူး"
သပွတ္တောရွာဟာ အိမ်ခြေ ၂၀၀ လူဦးရေ ၅၀၀ နီးပါး နေထိုင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ ကတည်းက စစ်ကြောင်းဝင်လာမယ်လို့ သတင်းကြားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေး ပုန်းရှောင်နေပြီး၊ အခုအဖမ်းခံရသူ ၂၅ ဦးက ဒီဇင်ဘာ ၄ ရက်မှာ ရွာကိုစိတ်မချလို့ အခြေအနေ ပြန်ကြည့်စဉ် စစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး အဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရဲ့ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လအတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၂,၅၆၁ ဦး သေဆုံးပြီး ၁၃, ၀၄၈ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။