ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက် သုံးမိုင်ခန့်ဝေးတဲ့ ချီပါရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေစလို့ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် အနီးအနားမှာရှိတဲ့ ဆယ်ရွာကျော်က ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၅ နာရီလောက်မှာ အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချီပါရွာကို ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

မနက်အစောပိုင်းမှာ ရုတ်တရက် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကိုယ်လွတ်ရုန်းပြီး ပြေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၅၀ အရွယ် ချီပါရွာခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

"လူလွတ်ပြေးရတာ၊ အိပ်ယာထဲကနေ ထပြေးလာရတာ။ တစ်ရွာလုံး ပြေးရတာ။ မပြေးနိုင်တဲ့သူတွေ၊ ကျိုးနေတဲ့သူတွေကို ဆိုင်ကယ်နဲ့ မျှခေါ်ခဲ့ရတာ။ သူတို့က လက်နက်ကြီးနဲ့ပစ်တော့ အကုန်ပြေးရတာ။ အဝတ်အစားကို မပါတော့ တော်တော်ဒုက္ခရောက်တာ"

စစ်ကြောင်းဝင်ရောက်ချိန် မပြေးနိုင်လို့ ရွာမှာကျန်ခဲ့သူတချို့ရှိပေမယ့် အရေအတွက်အတိအကျ မသိရသေးသလို အဆက်အသွယ်လည်း ပြတ်တောက်နေတယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ နေ့ပိုင်းအထိ ချီပါရွာမှာ စစ်ကောင်စီတပ်တချို့ နေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက ချီပါရွာနဲ့ ၆ မိုင်လောက်ဝေးတဲ့ ပလိုင်းရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးရာမှာ ချီပါရွာသားတချို့ကိုပါ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ချီပါတို့ ပလိုင်းတို့ ဆိပ်ခွန်တို့ဆိုတာ ကပ်နေတာလေ။ အခု ပလိုင်းကို ပစ်ဝင်နေတာ။ ချီပါက ဖမ်းထားတဲ့သူတွေထဲကလည်း တစ်ဝက်လောက်နဲ့ ရှေ့ပြေးအဖြစ် ရှေ့ကထားပြီး ခေါ်လာတာမျိုးရှိတယ်။ အခုအချိန်တော့ ဒီဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်နေတာ"

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်၊ သေဆုံးတာ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ ချီပါရွာအပြင် အိုဘို၊ ကင်းပြား၊ ဆိပ်ခွန်၊ လုံးတော်၊ မဲတော၊ အောင်ချမ်းသာ၊ ငါးဆူကုန်း အစရှိတဲ့ ကျေးရွာ ဆယ်ရွာကျော်က ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ချီပါရွာဟာ အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒီနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်ရတဲ့ အကြိမ် ၃၀ ကျော်အထိ ရှိနေပြီလို့ ချီပါရွာသားတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော်အထိ ရှိလာနေပါတယ်။