လက်နက်ကြီးကြောင့် ‌ရွှေကူမြို့က ဒေသခံလေးရာကျော် ထွက်ပြေးနေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ရေလဲရွာနဲ့ ဆင်တပ်ရွာတွေကို နိုဝင်ဘာလ ၅ ရက် မနေ့ည ၇ နာရီကျော်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် နေအိမ်တချို့ပျက်စီးခဲ့ပြီး ဒေသခံ လေးရာကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ မနေ့ညနေပိုင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပစ်တာ ဟုတ်တယ်။ သင်္ဘောက နှစ်စီးလို့ သိထားတာ။ တစ်စီးမှာ လူလိုက်တယ်၊ တစ်စီးမှာ ရိက္ခာတင်လာတာ။ သင်္ဘောတွေပေါ်ကနေ တရစပ်တွေ ပစ်တာပေါ့။ အခုထိ လူထိခိုက်တာ မရှိသေးဘူး။ အိမ်တွေတော့ ပျက်စီးတာပေါ့။ ရေလဲ၊ ဆင်တပ်ရွာ အပါအဝင် မြစ်ကမ်းတောက်လျှောက်က ရွာတွေအကုန် အခုထိ ပြေးနေရတာပေါ့"

လက်နက်ကြီးကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေရှိပေမယ့် ရွာတွေကို ပြန်ဝင်လို့ မရသေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ အိမ်ခြေတစ်ရာကျော်နဲ့ လူဦးရေ နှစ်ရာနီးပါးရှိတဲ့ ရေလဲရွာနဲ့ အိမ်ခြေ ၁၅၀ ခန့်နဲ့ လူဦးရေ နှစ်ရာနီးပါးရှိတဲ့ ဆင်တပ်ရွာက ဒေသခံတွေကတော့ ရွာလုံးကျွတ် ထွက်ပြေး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ တပ်တွင်းပြောင်းရွှေ့တာ၊ ရိက္ခာသယ်တာနဲ့ လက်နက်ခဲယမ်း သယ်ယူတာတွေကို စစ်သင်္ဘောတွေအသုံးပြုတာ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။