ရွှေပြည်သာ အထည်ချုပ်စက်ရုံ အလုပ်သမားနှစ်ရာဝန်းကျင် အလုပ်ထုတ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Yangon Fukuyama Apparel (YFA) အထည်ချုပ် စက်ရုံက စက်ရုံအလုပ်သမားနှစ်ရာဝန်းကျင်ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က အကြောင်းပြချက် မပေးဘဲ အလုပ်ထုတ်ခံထားရတယ်လို့ အလုပ်ထုတ် ခံထားရတဲ့ အလုပ်သမားတွေကိုယ်စား လိုက်လံညှိနှိုင်းပေးနေသူတွေက RFA ကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့ ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စက်ရုံက အလုပ်သမားအားလုံးကို ပုံစံစာရွက်တစ်ခုမှာ လက်မှတ်ထိုးခိုင်းခဲ့ပြီး နောက်နေ့မှာ အလုပ်သမားတွေကို စက်ရုံထဲဝင်ခွင့်မပေး တော့တာလို့ အဲဒီစက်ရုံအလုပ်သမားတွေကိုယ်စား စက်ရုံကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူက စာရွက်အလွတ်တော့ မဟုတ်ဘူး။ ဂိတ်ဝင်ထွက်ခွင့် စာရွက်ပုံစံမျိုးနဲ့ လက်မှတ်ထိုးတယ်။ အဲဒီပုံစံဖောင်မှာ အလုပ်သမားတွေကို ငါးရက်နေ့ လုပ်ခလစာရချင်တယ်ဆိုရင် လက်မှတ်ထိုးလို့ ပြောတယ်။ လုပ်ငန်းရှင်ဘက်က မိမိသဘောဆန္ဒအရ နုတ်ထွက်ပါတယ်ဆိုပြီးတော့ သူတို့ဟာ သူတို့ရေးတာ”

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၃၀ ရက် မနေ့က လုပ်ငန်းရှင်အနေနဲ့ အလုပ်ပြန်ခန့်ဖို့ ဒါမှမဟုတ် လျော်ကြေးပေးဖို့ ညှိနှိုင်းတဲ့အခါမှာ အဆင်ပြေခဲ့ပေမယ့် စစ်ကောင်စီတပ်တွေ ရောက်လာပြီး အလုပ်သမားကိုယ်စားလှယ်တွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး နောက်မှာတော့ လုပ်ငန်းရှင်ဘက်ကို ညှိနှိုင်းလို့မရတော့ဘူးလို့ အလုပ်သမားတွေကိုယ်စား အလုပ်ရှင်နဲ့ လိုက်လံညှိနှိုင်းပေးနေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် ဒီနေ့မှာတော့ YFA အထည်ချုပ်စက်ရုံပိုင်ရှင်နဲ့ ထပ်ညှိနှိုင်းလို့မရခဲ့တာ ကြောင့် မြို့နယ်ညှိနှိုင်းဖျန်းဖြေရေးအဖွဲ့ကို စာတင်ထားတယ်လို့ အဲဒီစက်ရုံက အလုပ်သမားတွေအတွက် လိုက်လံညှိနှိုင်းဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် မြန်မာပေါင်ချိန်အထည်ချုပ်စက်ရုံမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့ကြပြီး အဲဒီအထဲက အလုပ်သမား ၂၉ ဦးကို အလုပ်ထုတ်ခဲ့တယ်လို့ အဲဒီစက်ရုံ အလုပ်သမားတွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ စံသတ်မှတ်ချက်တွေကို လိုက်နာတာမရှိသလို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့လုပ်ငန်းတွေ ပိုများလာတယ်လို့ Ethical Trading Initiative (ETI) က ၂၀၂၂ခုနှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၂ ခုနှစ် ဇွန်လ စာရင်းတွေအရ နိုင်ငံတွင်း အထည်ချုပ် စက်ရုံပေါင်း ၇၀၀ ကျော်ရှိပြီး ၅ဝဝ ကျော်က လက်ရှိလည်ပတ်နေ ပါတယ်။