SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

ဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ အပါအဝင် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄) ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။

2012.09.10
sinopec-drill-site-b305 မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ပူးပေါင်းပြီး မကွေးတိုင်းအတွင်း ရေနံ ရှာဖွေနေသော ဆီနိုပက်ကုမ္ပဏီ၏ ရေနံတွင်းတူးစင်တစ်ခု ဖြစ်ပါသည်။
Photo courtesy of SINOPEC WEEKLY

ဆီနိုပက်ကုမ္ပဏီဟာ မြန်မာအစိုးရပိုင် (MOGE) မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ရေနံ ရှာဖွေနေရာမှာ ပုံတောင်ပုံညာ တောင်တန်းရဲ့ တဖက်တချက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောနဲ့ ထီးလင်းမြို့တွေမှာ မနှစ်ကစလို့ မြေပြိုမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

အဲဒီဒေသတွေမှာ တွင်းတူးမှု၊ မိုင်းခွဲမှု၊ တိုင်းတာမှု စတဲ့ ရေနံရှာဖွေရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေက ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ သစ်တောကြိုးဝိုင်းတွေနဲ့ လူနေရပ်ကွက်တွေပါမချန် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်ယာမြေတွေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက် ဆီနိုပက်ကုမ္ပဏီကို ဥပဒေအရ တရားစွဲဆိုပြီး လျော်ကြေး သတ်မှတ်တောင်းဆိုဖို့ ဒေသခံတွေက အထက်အာဏာပိုင်တွေထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။

မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။