တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၄၅ ဦး ထိုင်းဖမ်းဆီး

အဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အကြားလူငယ်တွေဖြစ်ပြီး မယ်ဆိုင်ကနေ ယာယီလည်ပတ်ခွင့်နဲ့လာကြသူတွေလို့ သိရ။

မြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်းကို တရားမဝင်နိုင်ငံခြားသား သယ်ယူပို့ဆောင်လာတဲ့ ကား ၁၀ စီးကို မေလ ၈ ရက် သောကြာနေ့မနက်ပိုင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အပူတပြင်းလိုက်လံဖမ်းဆီးရာမှာ တရားဝင် ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာက ရေးပါတယ်။

အဝေးပြေးလမ်းရဲဌာနနဲ့ တခြားလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ပစ္စနုလောက်ခရိုင်ထဲက အမှတ် ၁၁ အမြန်လမ်းမမှာ လိုက်လံဖမ်းဆီးခဲ့ရာမှာ မြန်မာရွေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမိခဲ့တာလို့ အမှတ် ၄ အဝေးပြေးရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ကား ၁၀ စီးထဲက ရှေ့ပြေးယာဥ်ဟာ ရဲတပ်ဖွဲ့ကို တွေ့တာနဲ့ လှည့်မောင်း ထွက်ပြေးခဲ့တဲ့အတွက် ပရွန်ပီရန်ခရိုင်ဘက်အထိ လိုက်လံ ဖမ်းဆီးခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလူကုန်ကူးကားတွေဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်ကနေ မြောက်ပိုင်းလမ်းကြောင်းကတစ်ဆင့် လာရောက်တာဖြစ်ပြီး ပစ္စနုလောက်ကနေ ဘန်ကောက်နဲ့တခြား အလယ်ပိုင်းခရိုင်တွေကို ဖြန့်ကျက်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အကြားလူငယ်တွေဖြစ်ပြီး မယ်ဆိုင်ကနေ ယာယီနိုင်ငံထဲ လည်ပတ်ခွင့်လက်မှတ်နဲ့လာကြသူတွေလို့ သိရပါတယ်။ စုံစမ်းစစ်ဆေးချက်အရ တစ်ယောက်ကို ဘတ်ငွေ ၂၀၀၀၀ အထိ ပေးကြရပြီး မယ်ဆိုင်ကနေ ပစ္စနုလောက်အထိပဲ ပို့ဖို့ ပါပြီး ဘယ်ဆက်သွားမယ်မသိဘူးလို့ ကားသမားတွေက ဖြေတယ်လို့သိရပါတယ်။

လောလောဆယ် ဖမ်းထားတဲ့ မြန်မာတွေကို ဖရွန်ဖီရန်မှာ ချုပ်နှောင်ထားမှာဖြစ်ပြီး တရားရုံးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူမှာဖြစ်လို့သိရပါတယ်။ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ဘတ် ၂၀၀၀၀ အထိ ချမှတ်နိုင်တယ်လို့သိရပါတယ်။