မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်ကို သီတဂူတပည့်တွေ ကန့်ကွက်စာထုတ်


2017.11.21
myawaddy-monk-622.jpg မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် နာယကဆရာတော် ဦးအရိယဝံသာဘိဝံသ ကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ RFA အစီအစဉ်မှာ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် နာယကဆရာတော် ဦးအရိယဝံသာဘိဝံသ က သီတဂူဆရာတော်ကြီးရဲ့ ဟောကြားချက်အပေါ် စွပ်စွဲပုတ်ခတ် ထားတဲ့အတွက် ကန့်ကွက်ကြောင်း သီတဂူဆရာတော်ရဲ့ တပည့်သံဃာတော်တွေက မနေ့က သတင်းထုတ်ပြန် ပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာ ဘိဝံသကို ဒီနေ့ ဆက်သွယ်လျှောက်ထားရာ သီတဂူဆရာတော်အပေါ်ကို မရိုးမသား စော်ကားချင်တဲ့စိတ်နဲ့ ပြောကြားခဲ့တာ မဟုတ်ဘူးလို့ မိန့်ကြားပါတယ်။

"ဆေးတစ်ခု ဒီနေရာမှာတိုက်လို့ ပျောက်တယ်ဆိုပြီးတော့ ဟိုနေရာရောဂါတစ်ခုကို သွားတိုက်လို့ ဘယ်လိုလုပ်ဖြစ်မှာတုန်း။ ဒီနေရာတိုက်သင့်တယ်၊ ဟိုနေရာတိုက်သင့်တယ်ဆိုပြီး စဉ်းစားရဦးမှာ။ ဆေးတော့ဆေးပဲ တခါတလေ ဘေးဖြစ်တာမရှိဘူးလား သူတို့ကို မေးချင်တာ။ ဆရာတော်က အဲဒီအချိန်တုန်းက ဟောတာက အဲ့ဒီအချိန်တုန်းက စစ်တပ်ကိုဟောတာ။ ကနေ့စစ်တပ်ကို ဟောတာ မဟုတ်ဘူး။ ကနေ့စစ်တပ် ဆိုရင် ကနေ့စစ်တပ်နဲ့ သင့်တော်တဲ့စကားကို ပြောသင့်တာပေါ့။ ဒီသူပြောတဲ့စကားရဲ့ အကျိုးဆက်ဟာ နိုင်ငံအတွက် အန္တရာယ်ကြီးလို့ ပြောလိုက်တဲ့ကိစ္စဖြစ်တယ်။ မရိုးမသား စော်ကားချင်လို့တို့ဆိုတဲ့ စေတနာ တပဲသားမရှိဘူး။ အဲဒီမှာ အမြင်ချင်းမတူကြတာဖြစ်မယ်။"


သီတဂူဆရာတော် ဟောပြောချက်တွေနဲ့ ပတ်သက်ပြီး မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်ရဲ့ ဟောကြား ချက်တွေဟာ သီတဂူဆရာတော်အပါအဝင် ရှေးဆရာတော်ကြီးတွေကို စွပ်စွဲပုတ်ခတ်တာဖြစ်ကြောင်း၊ တကယ်လို့ နောက်ထပ်ဆက်ပြီး ဒီလိုစွပ်စွဲပုတ်ခတ်မယ်ဆိုရင် သံဃာကို မတရားသဖြင့် စွပ်စွဲပုတ်ခတ်လာပါက မဟုတ်မမှန် ကြောင်း ပြန်လည်ဖြေရှင်းရမည် ဟူသော မြတ်စွာဘုရားရဲ့ အမိန့်တော်အရ တုံ့ပြန်ဖြေရှင်းသွားမယ် လို့ ထုတ်ပြန်ထားပါတယ်။

ဘုရင်ဒုဌဂါမဏိရာဇဝင်ကို မင်းတုန်းမင်းကြီးလက်ထက်တုန်းက ကျီးသဲလေးထပ်ဆရာတော် ဟောကြားခဲ့ပြီး၊ လွတ်လပ်ရေးရပြီးခါစကလည်း မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဟောကြားခဲ့ကြောင်း၊ သီတဂူ ဆရာတော် ဟောကြားချက်ထဲမှာလည်း ကျီးသဲလေးထပ်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်တို့ရဲ့ အယူအဆနဲ့ ကိုက်ညီတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်မြို့က တပ်မတော်- ကြည်း လေ့ကျင့်ရေးကျောင်းမှာ သီတဂူဆရာတော်တရားပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီတရားပွဲမှာ တပ်နဲ့ သံဃာ ၊ ပြည်သူနဲ့အစိုးရ ညီညွတ်ရမယ် ဆိုတဲ့ တရားတော်ကို သီတဂူဆရာတော် အရှင်ဉာဏိဿရက ဟောကြားခဲ့ပါတယ်။ အဲဒီဟောကြားချက်မှာပါဝင်တဲ့ အကြောင်းအရာတချို့အပေါ်မှာ ဝေဖန်မှုတွေ များနေကြောင်း RFA သတင်း ဌာနက နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။