ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ မိဘနေအိမ်ဖြစ်တဲ့ လှိုင်မြို့နယ်၊ ရှမ်းစုရပ်ကွက်က နေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရတယ်လို့ လှိုင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
အဲဒီနေအိမ်ဟာ ဦးစည်သူမောင်ရဲ့ အမည်ပေါက်ပိုင်ဆိုင်တာမဟုတ်ဘဲ မိဘတွေပိုင်ဆိုင်တဲ့ နေအိမ်သာဖြစ်တယ်လို့ ဦးစည်သူမောင်က RFA ကို ပြောပါတယ်။
“မဆီမဆိုင် မိဘတွေ နေအိမ်ကို ချိပ်ပိတ်တာကျ နည်းလမ်းမကျတာတော့ အမှန်ပဲလေ။ ကျနော် အဲမှာနေတာလည်း မဟုတ်သလို သန်းခေါင်စာရင်းလည်းမရှိ၊ အဲဒီအိမ်နဲ့ ပတ်သက်တဲ့ ကျနော့်အမည်နဲ့ ပိုင်ဆိုင်မှုလည်း မရှိပါဘူး။ စစ်အုပ်ချုပ်ရေးအောက်မှာ တရားမျှတမှုဆိုတာကိုလည်း မမျှော်လင့်သလို ရှာဖွေတိုက်တွန်းမှာလဲ မဟုတ်ပါဘူး"
နေအိမ် ချိပ်ပိတ်ခံရပြီးနောက်ပိုင်း နေအိမ်ထဲက ရေမော်တာ၊ အဲကွန်းနဲ့ စက်ဘီးနှစ်စီး ပျောက်ဆုံးသွားတယ်လို့ သူက ဆိုပါတယ်။
အဲဒီအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လှိုင်မြို့နယ် ရဲစခန်းက ရဲတွေအပါအဝင် ၁၀ ဦးနီးပါးနဲ့ လာရောက် ချိပ်ပိတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း ၂၁ လအတွင်း နိုင်ငံတစ်ဝန်း ချိပ်ပိတ်ခံရတဲ့ နေအိမ် ၇၈၆ လုံးအထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၉ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။