ရခိုင်ပြည်နယ်၊ စစ်တွေမြို့က RV စားသောက်ဆိုင်မှာ နိုဝင်ဘာလ ၆ ရက် မနေ့ညနေက ပြည်နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးသက်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီးနောက် စစ်တွေမြို့ပေါ်က ဒေသခံတချို့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးသက်ဦးကို ဆိုင်ကယ်နဲ့ လူနှစ်ဦးက သေနတ်နဲ့ လာပစ်သွားတာဖြစ်ပြီး လည်ပင်း၊ ပါးနဲ့ နားရွက်တွေမှာ ဖောက်ဝင် ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး RFA ကို ပြောပါတယ်။
"သူ့အမျိုးသမီးနဲ့ နှစ်ယောက် ဆိုင်ထဲမှာထိုင်နေတာ။ အဲဒီမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာ။ သုံးလေးချက်လောက် ပစ်သွားတယ်။ လည်ပင်းရယ်၊ ပါးရယ်၊ နားရွက်၊ ပြီးတော့ ဦးခေါင်းလည်း ထိသွားတယ်"
လက်ရှိမှာတော့ ဒဏ်ရာရသွားတဲ့ ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ဆိုပါတယ်။
ဦးသက်ဦးကို ဘယ်အဖွဲ့က ပစ်ခတ်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေးခဲ့ပြီး Arakan Blood Donar – ABD အသင်းတာဝန်ခံ ဦးသန်းလွင်နဲ့ ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည် ဦးဌေးနိုင် အပါအဝင် ဒေသခံတချို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ABD အသင်းတာဝန်ခံ ဦးသန်းလွင်ကတော့ ပစ်ခတ်ခံရတဲ့ ဦးသက်ဦးရဲ့ ဒဏ်ရာအခြေအနေ ကို စစ်တွေဆေးရုံမှာ သွားကြည့်ချိန်မှာပဲ အဖမ်းခံခဲ့ရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုသူ တစ်ဦးက RFA ကိုပြောပါတယ်။
"သူက ဆေးရုံမှာ လူနာအခြေအနေကို လာကြည့်တာ။ အဲဒီမှာ ရဲက ဒီကောင်ကို ဖမ်းကွာဆိုပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး။ ကားပေါ် တင်သွားတယ်"
စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည် ဦးဌေးနိုင်ကိုတော့ ဒီနေ့ မနက်အစော ၃ နာရီ လောက်မှာ စစ်ကောင်စီတပ်သားတွေ ဒုက္ခသည်စခန်းထဲကို ဝင်ရောက်စစ်ဆေးပြီးနောက် ဖမ်းသွားတာလို့ အမည်မဖော်လိုတဲ့ ဒုက္ခသည် တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ အဖမ်းခံထားရသူ ငါးဦးထက်မနည်းရှိနေပြီး အဖမ်းခံရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို တိတိကျကျ မသိရသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။