စစ်တွေမြို့ပေါ် ပြေးလာရတဲ့ ပုဏ္ဏားကျွန်းဒေသခံတွေ နေရပ်ပြန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် စစ်တွေမြို့ပေါ်ကို နေရပ် စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော်ဟာ အခုတစ်ပတ်တည်းမှာပဲ နေရပ် ပြန်ကြပြီလို့ စစ်တွေမြို့ခံတွေက RFA ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် ၉၄ ဦးဟာ နိုဝင်ဘာလ ၁၆ ရက်ကတည်းက စစ်တွေမြို့၊ တေဇာရာမ ဝိပသာနာ ဘုန်းတော်ကြီး ကျောင်းမှာ နေထိုင်ကြသလို ဗျိုင်းဖြူရွာမှာလည်း နေရပ်စွန့်ခွာလာသူ ၃၉ ဦး ရှိခဲ့တာပါ။

နိုဝင်ဘာလနောက်ဆုံးအပတ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဒေသခံတွေ နေရပ်ပြန်ကြတာလို့ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း အတွင်းရေးမှူး ကိုကျောက်ချိုင်က RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲ နေရပ်ပြန်ကြတာ။ ဗျိုင်းဖြူရွာက လူတွေဆို ကြေညာပြီး နှစ်ရက်လောက်ဆိုပြန်သွားတာ။ အဲဒီမှာတော့ စစ်ဘေးရှောင်တွေမရှိတော့ဘူး။ တေဇာရာမကျောင်းမှာ ကျန်လည်း လူ ၃၀ လောက်ပဲကျန်မှာ။ ဒါတောင် ကျနော်တို့ ပြီးခဲ့တဲ့ တစ်ပတ်က စာရင်းကောက်ထားတာ”

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ပုဏ္ဏာကျွန်းမြို့နယ်ထဲက ကွမ်းတောင်၊ ငှက်ကြီးကျွန်း စတဲ့ရွာတွေကနေ စစ်တွေမြို့ပေါ်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတာပါ။

စစ်ကောင်စီတပ်နဲ့ AA တို့ အပစ်ရပ်စဲထားမှုက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း တွေကို လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီးပေးနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဒီဇင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်မှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာတော့ ထိခိုက်သေဆုံးမှု များလာသလို ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးရပြီးနောက် နှစ်ဖက် အပစ်ရပ်စဲလိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၂၀,၁၀၀ ရှိလာပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်က စစ်ဘေး ဒုက္ခသည် ၂၁၉,၀၀၀ ရှိတယ်လို့ UN OCHA ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။