တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနဲ့ ဘန်လောရွာက ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ကွင်းရွာက အမျိုးသား လေးဦး၊ ဘန်လောရွာက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်လို့ ပစ်တာမျိုး မဟုတ်ဘူး၊ အကြောင်းမဲ့ ရွာတွေဘက်ကို ဆက်တိုက် ပစ်ခတ်တာပေါ့။ အချက်ရေ သုံးဆယ်ကျော်ပစ်တာ။ ဒဏ်ရာရတဲ့ ခြောက်ဦးထဲမှာ ဘန်လောရွာက အမျိုးသား တစ်ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိထားပါတယ်”
ညောင်ပင်ကွင်းရွာနဲ့ ဘန်လောရွာက နေအိမ်တွေထဲထိ လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲတာကြောင့် နေအိမ်တွေလည်း ပျက်စီးထိခိုကိတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဗောဓိကမ်းရွာအနီး အခြေစိုက်ထားတဲ့ ခလရ-၅၆၁ တပ်ရင်းက လုပ်ဆောင်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးယဉ်ထွေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီဇင်ဘာ ၂၁ ရက်နေ့မှာပဲ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့က ရဲစခန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် တိုရွာက ဒေသခံအမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၂,၆၄၀ ဦး သေဆုံးခဲ့ပါတယ်။