စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာသာကြီးရွာကို စစ်ကောင်စီတပ်သားတွေက စက်တင် ဘာ ၂၅ ရက် ဒီနေ့ မနက် ၉ နာရီမှာ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့လို့ အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရွှေဘို-မန္တလေး ကားလမ်းမပေါ်ကနေ လက်နက်ကြီး ခြောက်ချက်ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ပြီးမှ ရွာထဲကို ဝင်လာတာလို့ အမည်မဖော်လိုတဲ့ ရွာသာကြီးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျနော့် အမေ ညာဘက်လက်ကို ထိသွားတယ်၊ အသားတွေ ကြေပြီး၊ ဖွာထွက်ကုန် တယ်၊ လက်နက်ကြီး ထိတာပါ။ ဒဏ်ရာရတဲ့သူတွေအကုန် နီးစပ်ရာဆေးခန်းတွေမှာ ခွဲစိတ်ကုသနေကြတယ်၊ လက်တွေ၊ ရင်ဘတ်တွေ ခြေထောက်တွေ ထိကြတာများ ပါတယ်"
ရွာသာကြီးရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်သား ၆၀ ဝန်းကျင်က ကားနှစ်စီးနဲ့ ရွာအတွင်းဝင်ရောက် စီးနင်းခဲ့တာလို့ သူက ပြောပါတယ်။
အချိန်မီထွက်မပြေးနိုင်လို့ ရွာထဲမှာ ပိတ်မိနေတဲ့ဒေသခံတချို့နဲ့ ဖမ်းဆီးခံထားရသူတွေရှိ ပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီစီးနင်းမှုကြောင့် အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရွာသာကြီးရွာက အရပ်သား ၁၀၀၀ ဝန်းကျင် ဟာ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို စီးနင်းမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဒီကနေ့ RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ ဦးအေးလှိုင်က ဖြေဆိုဖို့ငြင်းဆန် ခဲ့ပါတယ်။