မီးရှို့ခံရတဲ့ ဝက်လက် ထန်းကြီးရွာမှာ သေဆုံးသူ ခြောက်ဦးရှိလာ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာမှာ စစ်ကောင်စီတပ်က သတ်ဖြတ်လို့ သေဆုံးသူ လေးဦးနဲ့ စစ်ရှောင်ရင်း သေဆုံးသူနှစ်ဦး စုစုပေါင်း ‌ခြောက်ဦးအထိရှိလာပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထန်းကြီးရွာခံတွေထဲက အသက် ၆၀ အရွယ် အဘွားအိုတစ်ယောက်က ပြေးရင်းလွှားရင်းနဲ့ နှလုံးလေရိုက်ပြီးတော့ သေတယ်။ တစ်ယောက်ကတော့ ပိုးထိပြီးတော့ သေတာ၊ သူက အမျိုးသား။ ကျန်တဲ့ လေးယောက်က လက်ပြန်ကြိုးတုပ်ပြီးတော့ ထန်းကြီးဘူတာနားက အိမ်မှာသတ်ထားခဲ့တာ။ အဲဒီလေးယောက်ကို တစ်ယောက်ထပ်လိုက်၊ ဆိုင်ကယ်တစ်စီး ထပ်လိုက်၊ နောက်တစ်ယောက်ထပ်လိုက် ဆိုင်ကယ်တစ်စီးထပ်လိုက်နဲ့ မီးရှို့သွားတာ”

သေဆုံးသူတွေရဲ့အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပေမယ့် အသတ်ခံရတဲ့ လေးဦးထဲမှာ တစ်ဦးက ထန်းကြီးရွာသားဖြစ်ပြီး ကျန်တဲ့သုံးဦးကတော့ ဘေးကပ်လျက်က ပေါက်က္ကံရွာသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ခြေလေးရာကျော်ရှိတဲ့ ထန်းကြီးရွာကတော့ အိမ်ခြေသုံးရာလောက် မီးလောင်ပျက်စီး ခဲ့သလို ထန်းကြီးဘူတာလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ထန်းကြီးရွာကနေ ပြန်အထွက် စစ်ကိုင်းတိုင်းအစပ်က ကျောင်းဖြူ ရွာဘက်ကို ရောက်သွားပြီးနောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါး စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝက်လက် ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေ အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်း မှာ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။