နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ပိတ်သိမ်းသွားတဲ့ စက်ရုံ ၆ ရုံ ရှိတယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပိတ်သွားတဲ့စက်ရုံ ၆ ရုံမှာ အထည်ချုပ်စက်ရုံ တစ်ရုံပါဝင်တယ်လို့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်း က ပြောပါတယ်။
"ကျနော်တို့ဆီကို စာရင်းအရ တက်ထားတဲ့ ၆ ရုံပဲ ရှိတယ်၊ ကျန်တာက ပြောင်းဖွင့်တာတွေလည်းရှိတယ်၊ ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတော့ ChamZon ပေါ့၊ အထည်ချုပ်က တစ်ရုံပဲပါတယ်၊ နောက်တစ်ခုက Success Time ဆိုတာ ဖိနပ်ကတော့ ပြည်တွင်း၊ ပြည်ပ ပြန်တော့ခွဲနေတုန်းပဲ၊ ကျန်တာက ဖိကျောင်းပီနံအိတ်စက်ရုံ၊ ဝါးဟားဟား ရေခဲမုန့် ပါတယ်၊ မြတ်ပန်းပွင့်သနပ်ခါးလည်း ပြည်တွင်းပါပဲ၊ ရေခဲတောင်အအေးခန်းလည်း ပြည်တွင်းပါပဲ၊ အဲတော့ အထည်ချုပ်တစ်ရုံလောက်ပဲပါတာပါ။"
အဲဒီစာရင်းဟာ မေလ ၇ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ ရရှိထားတဲ့စာရင်းတွေဖြစ်ပါတယ်။
အဲဒီစက်ရုံတွေ ပိတ်သိမ်းသွားတဲ့ အကြောင်းအရင်းကိုတော့ တင်ပြထားတာမရှိဘူးလို့ ဦးညွန့်ဝင်း က ပြောပါတယ်။
နှစ်လကျော်အတွင်း ရန်ကုန်တိုင်းက စက်ရုံ ၁၄ ရုံ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၃၇၀၀ လောက် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တင်ခဲ့တာကြောင့် အင်တာနက်သုံးစွဲသူတွေအကြား စိတ်ဝင်စားမှု များခဲ့ပါတယ်။
အဲဒီစက်ရုံ ၁၄ ရုံမှာ အထည်ချုပ်၊ ဖိနပ်၊ ခြေအိတ် စတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စက်ရုံတွေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု SME လုပ်ငန်းတစ်ချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကတော့ ပိတ်သိမ်းသွားတယ်ဆိုတဲ့ စက်ရုံ ၁၄ ရုံထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ်စက်ရုံ ၆ ရုံကို စိစစ်တဲ့အခါ အထည်ချုပ်စက်ရုံ တစ်ရုံသာ ပိတ်သိမ်းသွားတာကို တွေ့ရတယ်ဆိုပြီး သတင်းထုတ်ပြန်ထား တာဖြစ်ပါတယ်။
