မင်္ဂလာဒုံ ရပ်ကွက်ငါးခုက လူဦးရေငါးသောင်းခန့်ကို တစ်ပတ်အတွင်းပြောင်းခိုင်းနေ

2022.11.14
မင်္ဂလာဒုံ ရပ်ကွက်ငါးခုက လူဦးရေငါးသောင်းခန့်ကို တစ်ပတ်အတွင်းပြောင်းခိုင်းနေ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ စံသမာဓိရပ်ကွက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်ငါးခုမှာရှိတဲ့ အိမ်ခြေတစ်သောင်းနီးပါးကို တပ်ပိုင်မြေဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်အတွင်း ပြောင်းရွှေ့ဖို့ စစ်ကောင်စီဘက်က ဖိအားပေးလာတယ်လို့ အဲဒီရပ်ကွက်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

တစ်ပတ်အတွင်း ပြောင်းရွှေ့ဖို့ နိုဝင်ဘာလ ၁၃ ရက် မနေ့က ရပ်ကွက်အတွင်း လိုက်လံ ကြေညာခဲ့သလို အမိန့်စာတွေပါ ဝေခဲ့တယ်လို့ အဲဒီမှာနေထိုင်သူတွေက RFA ကို ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပျဉ်းမပင် စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧကခန့် မြေပေါ်မှာရှိတဲ့ ခွင့်ပြုမဲ့ အဆောက်အအုံတွေ အားလုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးဖယ်ရှားဖျက်သိမ်းဖို့နဲ့ ဖယ်ရှားခြင်းမရှိပါရင် ဥပဒေအရအရေးယူမယ်လို့ စစ်ကောင်စီရဲ့ မင်္ဂလာဒုံမြို့နယ်အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခု ဖယ်ရှားခိုင်းတဲ့ ရပ်ကွက်တွေကတော့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်းစတဲ့ ရပ်ကွက်ငါးခုဖြစ်ပြီး အဲဒီမှာ အိမ်ခြေ တစ်သောင်းနီးပါးနဲ့ လူဦးရေ ငါးသောင်းနီးပါးရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“တနင်္ဂနွေနေ့က စစ်သားတွေရော အရပ်ဝတ်တွေနဲ့ရော လာအော်သွားတာ။ စံသမ္မာဓိရပ်ကွက်ဆိုရင် အိမ်ခြေ သုံးထောင်ကျော်လောက်ရှိတာလေ။ အခုတော့ အိမ်တွေပြောင်းရွှေ့ရမယ်ဆိုတော့ ဘယ်မှာသွားနေရမှာလဲ။ နေလာတာ နှစ်ပေါင်း ၂၀ လောက်ရှိနေပြီလေ။ တကယ်ရွှေ့ရမယ်လို့ နေစရာမရှိ၊ စားစရာမရှိဖြစ်ကြမှာ။ ရှိတာလေးတွေ စုဆောင်းပြီးဝယ်ထားရတာလေ။ တပ်ပိုင်မြေလည်း မဟုတ်ဘူး။ လယ်ယာ၊ ဥယျာဉ်ခြံမြေတွေပါပဲ။ ရပ်ကွက်ထဲကလူတွေက အကုန်ငိုနေကြတာလေ။ နေ့တိုင်းဒီအကြောင်း စဉ်းစားရင် အမြဲမျက်ရည်ကျရတယ်။ ဘာလုပ်ရမှန်း မသိလို့လေ”

အဲဒီရပ်ကွက်တွေမှာ နေထိုင်သူအများစုဟာ အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်ပြီး နေထိုင်တဲ့သူတွေ ဖြစ်ကြသလို အိမ်၊ ခြံအမည်ပေါက် လျှောက်ထားဆဲသူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်နေသူအများဟာ စက်ရုံအလုပ်သမားတွေနဲ့ တစ်နေ့လုပ်တစ်နေ့စား ကျပန်းအလုပ်သမားတွေဖြစ်တာကြောင့် အမှန်တကယ်ပြောင်းရွှေ့ရရင် အခက်အခဲ အများအပြားနဲ့ ကြုံတွေ့နိုင်ရနိုင်လို့ စစ်ကောင်စီကို အသနားခံစာတင်နိုင်ဖို့ ကြိုးစားနေ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။