ကန့်ဘလူမှာ လေးလအတွင်း စစ်ဘေးဒုက္ခသည် ၃၀ နီးပါး မြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ် မြောက်ခြမ်းက ဒေသတွေမှာ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်းမှာတင် ဒေသခံသုံးဦး မြွေကိုက်ခံရပြီး လေးလအတွင်း မြွေကိုက်ခံရသူ စုစုပေါင်း ၂၆ ဦးထက် မနည်းရှိပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်မှာ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး မြွေကိုက် ခံခဲ့ရသလို အောက်တိုဘာ ၉ ရက် မနေ့ကလည်း ၁၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၃၀ အရွယ် လူငယ်တစ်ဦး မြွေကိုက်ခံခဲ့ရတယ်လို့ ကန့်ဘလူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခု နှစ်ရက်အတွင်းမှာပဲ သုံးယောက် မြွေကိုက်ခံရတာပေါ့။ ၁၄ နှစ်အရွယ် ကလေး ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဒီဘက်မှာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ အချိန်မီမရောက်တာ၊ ဆေးဝါးကလည်း ရှားပါးလို့ မြွေအန္တရာယ် တော်တော် ကြုံနေရတယ်"

ပြီးခဲ့တဲ့ ဇွန်လကစလို့ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်သား တွေ စစ်ကြောင်း စထိုးခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရသလို လက်ရှိ လေးလကျော် ကာလအတွင်း အဲဒီအထဲက ၂၆ ဦး ထက်မနည်း မြွေကိုက်ခံခဲ့ရပြီး သုံးဦးကတော့ အသက် ဆုံးရှုံးခဲ့တယ်လို့ သူကဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ဆေးကုသမယ့်နေရာကို အချိန်မီ မရောက်လာတာ၊ မြွေဆိပ်ဖြေဆေး ရှားပါးတာအပြင်၊ စစ်ကောင်စီတပ်ကလည်း ဆေးဝါးသယ်ယူခွင့်တွေကို ပိတ်ပင်တာတွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကန့်ဘလူမြို့နယ် မြောက်ခြမ်းက ဇော်ချောင်း၊ သင်တော၊ လွင်ကြီး၊ အလယ်ခုံ၊ ယောကုန်း၊ သေတ္တာနဲ့ အောက်တဲ စတဲ့ ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ကိုးထောင် နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သူတို့ဟာ လယ်တော၊ ယာတောတွေထဲ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် မြွေအန္တရာယ် ကြုံတွေ့နေရပြီး မြွေဟောက်ပါအဝင် အခြားအဆိပ်ရှိ မြွေအမျိုးစားတွေ အကိုက်ခံရသလို မြွေပွေးအကိုက်ခံရမှုကတော့ အများဆုံးလို့ ဒေသခံတွေက ပြောပါတယ်။

မြွေအန္တရာယ် ကြုံတွေ့နေရတာကြောင့် မြွေဆိပ်ဖြေဆေးအပါအဝင် အခြား ဖျားနာရောဂါ တွေအတွက်လည်း ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။