ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်ကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ဒေါ်နန်းထွေးမှုံက ကန့်ကွက်ထား တာကြောင့် နှစ်ဖက်ကြားနာဖို့ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ဒီနေ့ ပထမဆုံး ချိန်းဆိုခဲ့ပါတယ်။
ဒီနေ့မှာ NLD နဲ့ SNLD ကိုယ်စားလှယ်တွေ နှစ်ဘက်လုံးက တင်ပြတဲ့ စာရွက်စာတမ်းတွေကိုသာ လက်ခံခဲ့ပြီး စစ်ဆေးတာတွေ မလုပ်သေးဘူးလို့ ဒေါ်နန်းထွေးမှုံက RFA ကို ပြောပါတယ်။
မဲရုံကိုယ်စားလှယ်တွေ ကန့်ကွက်နေတဲ့ကြားက ရှမ်းတိုင်းရင်းသား မဟုတ်သူတွေကို မဲထည့်ခွင့်ပေးတာတွေ၊ မဲရုံကိုယ်စားလှယ်က ပါတီအမှတ်တံဆိပ်တပ်ပြီး မဲရုံမှာ လာစောင့်နေတာတွေ၊ ငွေစားရင်းမမှန်မကန်လုပ်တာတွေနဲ့ ငွေစားရင်းဘောက်ချာတွေမှာ အခွန်တံဆိပ်ခေါင်းမပါတာတွေကို တိုင်ကြားထာတာလို့ SNLD ပါတီက ဝင်ရောက် အရွေးခံခဲ့တဲ့ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။
အဲဒီကန့်ကွက်လွှာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။
အနိုင်ရရှိထားတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကတော့ ရွေးကောက်ပွဲအသုံးစရိတ်ကို မှန်မှန် ကန်ကန် လုပ်ခဲ့ကြောင်းနဲ့ ပါတီက သတ်မှတ်ပေးထားတဲ့ ၈၅ သိန်းပဲသုံးခဲ့ကြောင်း သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားရေးရာ ဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တစ်သီးပုဂ္ဂလ၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်က အနိုင်ရရှိထားတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။