သတင်းထောက် ကိုစိုးရာဇာထွန်း ထောင်လေးနှစ်ချခံရ
2022.12.16
အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်းကို အင်းစိန်ထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မှာ အလုပ်နဲ့ကြမ်းထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ စစ်ကောင်စီက စွပ်စွဲအမိန့်ချလိုက်တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ အယူခံဝင်ခွင့် ရ၊ မရ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
"အလုပ်နဲ့ ထောင်ဒဏ် လေးနှစ်ချလိုက်တယ်ဗျ။ သုံးလပိုင်း ၁၀ ရက်နေ့က သူ ထပ်အဖမ်းခံရတာ ပဲခူးဘက်မှာဗျ။ သတင်းယူနေရင်းနဲ့ပေါ့ဗျာ။ အယူခံတွေကတော့ မရှိလောက်ဘူး ထင်တယ်ဗျ”
ကိုစိုးရာဇာထွန်းဟာ အာဏာသိမ်းမှု အစောပိုင်းကာလ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ သူဟာ ပဲခူးတိုင်းဘက်ကို သတင်းယူဖို့ သွားရောက်စဉ် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ထပ်မံဖမ်းဆီးခံရပြီး အခုလို ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ကို စွဲဆိုခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) ဟာ အကြမ်းဖက်မှု အုပ်စုမှာ သိလျက်နဲ့ ပါဝင်တာ၊ အကြမ်းဖက်မှုအဖွဲ့ဝင်ကို ခိုလှုံခွင့်ပေးတာ၊ ပုန်းအောင်းခွင့် ပေးတာ၊ လွတ်မြောက်စေဖို့ ထိမ်ချန်တာ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာ၊ အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာဖွင့်ဟ ပြောဖို့ ပျက်ကွက်ရင် အရေးယူလို့ရတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
အဲဒီ ဥပဒေအရ အနည်းဆုံး ထောင်သုံးနှစ်ကနေ ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ နားမလည်လို့ ငြိစွန်းရင်တောင် ဥပဒေက ခွင့်လွှတ်မှာမဟုတ်ဘူးလို့ စက်တင်ဘာ ၂၀ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ ၁၃ ခုကို ထုတ်ဝေခွင့်ရပ်နား ခံခဲ့ရသလို သတင်းသမား ၁၅၁ ယောက် ဖမ်းဆီးခံခဲ့ရတာကို မြန်မာသတင်းသမားတွေ မှတ်တမ်းတင်ထားတဲ့ စာရင်းအရ တွေ့ရပါတယ်။
၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၄၂ ယောက်ထက်မနည်း ထောင်ချခံခဲ့ရတဲ့ အကြောင်း သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖော်ပြထားပြီး ဒီနေ့မှာ သတင်းသမား သုံးဦး ထပ်မံအမိန့်ချခံရတာကြောင့် ထောင်ချခံရတဲ့ သတင်းသမား ၄၅ ဦးထိရှိလာပါပြီ။