ကျိုက်ဒုံ မဲသရောထစခန်းကို သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသပြော

RFA Burmese
2024.03.20
ကျိုက်ဒုံ မဲသရောထစခန်းကို သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသပြော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ စစ်ကောင်စီတပ်၏ မဲသရောထ စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Facebook/ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးက စစ်ကောင်စီတပ်ရဲ့ မဲသရောထစခန်းကုန်းကို မတ်လ ၁၉ ရက်နေ့မှာ အပြီးသိမ်းနိုင်ခဲ့တယ်လို့ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီစခန်းကုန်းကို မတ်လ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မဲသရောထစခန်းကုန်းမှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၉) လက်အောက်က ခြေမြန်တပ်ရင်း (၅၅၇) နဲ့ (၅၅၈) တပ်တွေ အထိုင်ချတပ်စွဲထားတာဖြစ်ပြီး လေးရက်အကြာမှာ စခန်းသိမ်းနိုင်တာလို့ ဖော်ပြထားပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တပ်ဖွဲ့မှူး ကိုအောင်စံရှားကတော့ စခန်းကုန်းသိမ်းချိန်မှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ RFA ကိုပြောပါတယ်။

"သူတို့ဆုတ်သွားတဲ့လမ်းမှာ ကျွန်တော်တို့ပိတ်ဆို့ပြီး ချေမှုန်းနိုင်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ အရှင်မိတာရှိဘူး။ စခန်းကုန်းမှာရှိနေတဲ့ စကစတပ် အင်အားက ခြောက်ဆယ်ကျော်ရှိတယ်။ အခု နယ်မြေစိုးမိုးရေးတွေ လုပ်နေပါတယ်"

စတင်တိုက်ခိုက်တဲ့ မတ်လ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီး သက်နိုင်ဦးဟာ MA - 4 သေနတ်တစ်လက်၊ ၄၀ မမ ဗုံးသီးဆယ်လုံး၊ ကျည်အတောင့်နှစ်ရာနဲ့အတူ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သားတွေ အခြေချတပ်စွဲထားတဲ့ ဂျိုးဖြူချက်ပွိုင့်တောင်ကုန်းကို ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်းငါးလောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီစခန်းကုန်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်သား ငါးဆယ်နီးပါးဟာ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားခဲ့လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာလည်း ကျိုက်ဒုံဗျူဟာကုန်းကို (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီး ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုးနဲ့ အရာရှိ ၁၂ ဦး အပါအဝင် ၆၆ ဦး လက်နက်ချခဲ့သလို ၁၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီစခန်းတွေအသိမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။