အိန္ဒိယသမုဒ္ဒရာထဲမှာ ငါးဖမ်းစက်လှေတစ်စင်းနဲ့ စီးမျောနေတဲ့ ရိုဟင်ဂျာ ၁၀၉ ယောက်ကို သီရိလင်္ကာနိုင်ငံရေတပ်က ဒီဇင်ဘာလ ၁၈ ရက် မနေ့ညပိုင်းမှာ ကယ်ဆယ်လိုက်ပါတယ်။
သူတို့တွေဟာ မြန်မာနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကိုသွားရင်း လမ်းမှာစက်လှေပျက်ပြီး ပင်လင်ပြင်ထဲစီးမျောနေခဲ့တာလို့ သီရိလင်္ကာရေတပ်ကထုတ်ပြန်ပါတယ်။
အဲဒီ ၁ဝ၉ ယောက်ထဲမှာ အမျိုးသမီး ၃၉ ဦးနဲ့ ကလေး ၂၃ ဦးပါပါတယ်။ အဲဒီရိုဟင်ဂျာတွေကို ကျန်းမာရေး စစ်ဆေးပေးထားပြီး၊ အသက် ၈ဝ ကျော်အမျိုးသားတစ်ဦး၊ ကလေးအမေတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးကိုတော့ ဆေးရုံကိုပို့လိုက်ရတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရော၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိတာတွေကြောင့် ပြည်ပနိုင်ငံတွေကို သွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။
ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေဘက်ကို ထွက်ဖို့ကြိုးစားကြရင်း မြန်မာနိုင်ငံထဲမှာတင် ဖမ်းဆီးခံရတာတွေရှိသလို၊ စီးလာတဲ့ ငါးဖမ်းစက်လှေပျက်လို့ ပင်လယ်ထဲရက်အတန်ကြာ စီးမျောနေတဲ့ ဖြစ်ရပ်တွေလည်း မကြာခဏတွေ့နေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုးက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လူနည်းစုရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေပိုတိုးလာနေတာကြောင့် ပြည်ပနိုင်ငံတွေကို အသက်စွန့်ပြီးထွက်ခွာတဲ့သူတွေ တိုးလာနေတယ်လို့ RFA ကိုပြောပါတယ်။