ဧရာဝတီ ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တိုင်းအစိုးရ တရားစွဲမည်
2019.04.24
လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အပြည့်အ၀ ပြန်လည်ပေးသွင်းခြင်း မရှိတဲ့အတွက် အဲဒီရန်ပုံငွေတွေကို လွှဲပြောင်းရယူထားတဲ့ ဧရာဝတီ ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဧရာဝတီတိုင်းအစိုးရအဖွဲ့က တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
တရားစွဲမယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆိုသွားမလဲဆိုတာကိုတော့ ဥပဒေချုပ်နဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဖျာပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက RFA ကို အတည်ပြုပြောပါတယ်။
လက်ရှိအချိန်ထိ ငွေကျပ်သန်း ၃ ထောင်ကျော် ပြန်လည်ပေးဆပ်ထားပြီးဖြစ်ပေမယ့် ကျန်ရှိနေတဲ့ငွေတွေကို လုပ်ငန်းရှင် သုံးယောက်နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ထုတ်ချေးထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်မပေးတဲ့အတွက် အခုလို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို RFA ကမေးမြန်းကြည့်တဲ့အခါမှာ သူ့အနေနဲ့ မသိရှိဘူးလို့ ငြင်းဆိုထားသလို နောက်ထပ်ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကလည်း သေချာမသိဘူးလို့ငြင်းပါတယ်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်း ၅ ထောင်ကျော်ကို လက်ရှိအစိုးရကို မလွှဲပြောင်းပေးဘဲ ဧရာဝတီ ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးခဲ့တဲ့အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ပြန်လည်ပေးသွင်းဖို့ သမ္မတရုံးကတဆင့် ပြီးခဲ့တဲ့ ၂၀၁၈ နှစ်လယ်ပိုင်းလောက်ကတည်းက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း အစိုးရဟောင်းရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို ဘယ်နေရာမှာအသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့သလဲဆိုတာကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ ဖျာပုံမြို့နယ် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုင်းဒေသကြီးလွှတ်တော်မှာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။