ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း စီထရန်ကြောင့် အောက်တိုဘာ ၂၄ ရက် မနေ့ည ၆ နာရီ အချိန်အထိ ကော့ဘဇားကမ်းရိုးတန်းက ဒေသခံသုံးသောင်းနီးပါး (၂၈,၁၅၅ ဦး) နဲ့ ကျွဲ၊ နွား သုံးထောင်ဝန်းကျင် (၂၇၃၆ ကောင်) ကို ကယ်ဆယ်ရေးစခန်း တွေဆီ ရွှေ့ပြောင်းထားရတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune က မနေ့မှာ ဖော်ပြထားပါတယ်။
ကော့ဘဇားခရိုင်ဟာ မြန်မာနိုင်ငံအနောက်မြောက် ကမ်းရိုးတန်းနဲ့ အနီးဆုံးမှာရှိသလို ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ အများဆုံး ခိုလှုံနေတဲ့နေရာဖြစ်ပြီး မုန်တိုင်းကြောင့် ရွှေ့ပြောင်းရတဲ့အထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ပါ၊ မပါကိုတော့ ဖော်ပြမထားပါဘူး။
မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်း ၅၇၆ ခု ကြိုတင်ပြင်ဆင် ထားပြီး လိုအပ်ရင် အနီးအနားက စာသင်ကျောင်းတွေကိုပါ ကယ်ဆယ်ရေးစခန်းတွေအဖြစ် အသုံးပြုသွားမယ်လို့ ကော့ဘဇား ဒုတိယခရိုင်မှူး Mamunur Rashid ကပြောကြောင်း Dhaka Tribune မှာ ရေးသားထားတာပါ။
မုန်တိုင်းကြောင့် အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ကော့ဘဇားခရိုင် Saint Martin ကျွန်းနားမှာ ငါးဖမ်းလှေ ၁၃ စင်း နစ်မြုပ်ခဲ့ပြီး အဲဒီအထဲက ခုနစ်စင်းကို ရှာမတွေ့သေးသလို ပျောက်ဆုံးနေသူ အရေအတွက်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင် တွေက အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအတွက် လိုအပ်တဲ့ ကယ်ဆယ်ရေးစခန်းတွေ၊ ကျန်းမာရေးဆေးအဖွဲ့၊ ရိက္ခာခြောက်နဲ့ လူနာ တင်ယာဉ်၊ စေတနာ့ဝန်ထမ်းတွေကအစ အသင့်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင်တွေက ပြောထားကြောင်းလည်း ဖော်ပြထားပါတယ်။
ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ ရတဲ့ ရိုဟင်ဂျာ တစ်သန်း နှစ်သိန်းကျော်ကို လက်ခံထားပါတယ်။