ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်ကြည် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း အထက်တန်းကျောင်းသား ငါးဦးအပါအဝင် ဒေသခံ ၃၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ မော်လမြိုင်ကျွန်း မြို့ခံတွေက RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက် ညနေပိုင်းက အမှတ် (၁၁) ရပ်ကွက် မာလာလမ်းမှာ နေထိုင်တဲ့ အသက် (၅၆) နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်ကြည်ဟာ ဆာဝါရီလက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
ဦးခင်မောင်ကြည် ပစ်သတ်ခံရပြီးနောက်ပိုင်း အခုလိုဖမ်းဆီး စစ်ဆေးခံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်ကျွန်း မြို့ခံတစ်ဦးက အောက်တိုဘာ ၁၀ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီးမှာပဲ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူ ၂၅ ဦးလောက်ကို ခေါ်သွားတယ်။ အဲဒီညနဲ့ နောက်တစ်နေ့မှာပဲ အမှတ် (၁၁) ရပ်ကွက်နဲ့ (၉) ရပ်ကွက်က လူ (၆၀) လောက် ဖမ်းသွားတာ။ တချို့ကျတော့ မေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ အခုကျန်နေတာက အထက်တန်းကျောင်းသား ငါးဦးနဲ့ လူငယ် ၂၅ ဦး လောက်က မော်ကျွန်းအချုပ်ထဲမှာ ဖမ်းထားတယ်”
ဦးခင်မောင်ကြည်ဟာ ရပ်ကွက် ဆွမ်းလောင်းအသင်းမှာလည်း အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သလို ဘာသာရေး ပွဲတွေမှာလည်း ဦးစီးဦးဆောင် ပြုလုပ်သူတစ်ဦးလို့ သူကဆက်ပြောပါတယ်။
အောက်တိုဘာလ ၅ ရက် ပစ်ခတ်မှုဖြစ်ပြီးနောက် မော်လမြိုင်ကျွန်းမြို့မှာ ဈေးဆိုင်ခန်းတွေ ပိတ်ထားကြသလို လူသွားလူလာနည်းပါးပြီး အများစုက နေအိမ်တွေထဲမှာပဲ နေထိုင် ကြတယ်လို့ မော်လမြိုင်ကျွန်း ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်ကြည်ကို ရှင်းလင်းမှုဟာ ဧရာဝတီတိုင်း စစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်၊ ဘိုကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ မော်လမြိုင်ကျွန်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဧရာဝတီလင်းပိုင်အဖွဲ့က အောက်တိုဘာ ၅ ရက်မှာပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဦးခင်မောင်ကြည်ဟာ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးခေါင်းဆောင်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောဆိုနေပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားတာမရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ဧရာဝတီတိုင်း မြောင်းမြ၊ ပုသိမ်၊ ဟိုင်းကြီးကျွန်းနဲ့ အိမ်မဲမြို့နယ်တွေက ဒေသခံ စုစုပေါင်း ၂၂ ဦး အဖမ်းခံထားရပါတယ်။