ဥရောပ ညီလာခံသို့ို ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမိန့်ခွန်း ပေးပို့

နိုင်ငံတကာ အကူအညီတွေ ပေးနေတဲ့ တိုင်းပြည်တွေအနေနဲ့ လူမှုအဖွဲ့အစည်းကို အားကောင်းတောင့်တင်း လာစေမယ့် မူဝါဒမျိုးတွေ ချမှတ်ပြီး အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့က ကျင်းပတဲ့ “ဥရောပ ဖွံ့ဖြိုးရေးညီလာခံ” ပိတ်ပွဲ အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယို သတင်းစကားမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့တာပါ။

စီးပွားရေး တိုးတက်ဖို့အတွက် ဖွံ့ဖြိုးရေးမူဝါဒတွေ ချမှတ်ကြရသလို လူမှုအဖွဲ့အစည်း အားကောင်းလာရေး အတွက်လည်း ဖွံ့ဖြိုးရေး မူဝါဒတွေ ချမှတ်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ထွန်းလာဖို့ တွန်းအားတွေ ရရှိလာနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆက်လက်ပြီး လူမှုအဖွဲ့အစည်းမှာ ငွေကြေးနဲ့ပညာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စီးပွားရေးကဏ္ဍမှာတင် မကပဲ နိုင်ငံရေး နယ်ပယ်မှာပါ တာဝန်ခံ မှုရှိခြင်း၊ ပွင့်လင်းမြင်သာ ရှိခြင်းဆိုတဲ့ ရလဒ်ကောင်းတွေ ရရှိလာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တရပ် ထူထောင်ဖို့ ကြိုးပမ်း နေကြတဲ့ မိမိတို့အနေနဲ့ “လောကနိဗ္ဗာန် ထူထောင်မယ်” ဆိုတဲ့ လက်တွေ့မကျတဲ့ အမြင်မျိုးတွေ မရှိကြောင်း၊ ပြည်သူတွေ မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝ ပိုမို ကောင်းမွန်လာဖို့အတွက် လွတ်လွတ်လပ်လပ် တာဝန်သိသိ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိစေမဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာဖို့အတွက် ကြိုးပမ်းနေတာဖြစ်ကြောင်း ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဥရောပ ဖွံ့ဖြိုးရေး မဟာမင်းကြီးက အခမ်းအနားမှာ အဲဒီ ဗီဒီယို တိပ်ခွေကို ဖွင့်မပြခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မိတ်ဆက် ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို “ဒီကမ္ဘာမြေမှာ အကျော်ကြားဆုံး အမျိုးသမီး ၊ ဒါမှမဟုတ် အရဲရင့်ဆုံး ပုဂ္ဂိုလ်တွေထဲမှာ တဦး အပါအဝင် အဖြစ် ရည်ညွန်း ပြောဆိုခဲ့ပါတယ်။