ထောင်ချခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းရဲ့ မိသားစုဝင်နှစ်ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ထပ်ရုံးချိန်းမှာပဲ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၄၀ ကျော်အရွယ်တွေဖြစ်တဲ့ မဆုရည်လင်းရဲ့ ဦးလေးဖြစ်သူနဲ့ အဒေါ်ဖြစ်သူ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးလေးဖြစ်သူကိုတော့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မနက်ပ်ိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အဒေါ်ဖြစ်သူကိုတော့ ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မဆုရဲ့ အဒေါ်ဖြစ်သူကတော့ အခုအထိ မလွတ်သေးဘူး။ အရင်ကတည်းက နိုင်ကျဉ်းသူဟောင်းလည်းဖြစ်တော့ မပြစ်မရှိ၊ အပြစ်ရှာပြီး ဖမ်းတဲ့သဘောပေါ့။ မဆုကို ၂၉ ရက်နေ့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမိန့်ချဖို့ရှိတော့ ၂၈ ရက်နေ့ရုံးချိန်းမှာ လိုအပ်တဲ့ပစ္စည်းလေးတွေ သွားပေးရင်း တရားရုံးမှာပဲ ဖမ်းဆီးခံလိုက်ရတာပါ"
ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး တရားရုံးတာဝန်ရှိသူတွေကို သွားရောက်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ မသိရဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်နီမိုလှိုင်ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းကတည်းက နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်သူ မဟုတ်တာကြောင့် စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက သင်္ဃန်းကျွန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပုဒ်မ ၄၂၀ (က) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၅ ရက်နေ့ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၆,၂၂၁ ဦး ဖမ်းဆီးခံထားရပါတယ်။